စစ်ကိုင်းတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပြည်သူ ၆၇ ဦး ပြန်လွတ်မြောက်

စစ်ကိုင်းတိုင်း ဒီပဲယင်း၊ အရာတော်၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေကနေ တပ်မ (၉၉) လက်အောက်ခံ မိတ္ထီလာမြို့ အခြေစိုက် ခမရ (၁၁၃) က ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံ ၆၇ ဦးကို တန့်ဆည်မြို့နယ် အောင်ချမ်းသာကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ တန့်ဆည် PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ဒီနေ့ ပြောပါတယ်။
အဲဒီဒေသခံတွေဟာ အဲဒီဒေသတွေမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့အတူ ပစ္စည်းတွေထမ်းရင်း ပေါ်တာဆွဲ ခေါ်ဆောင်ခံခဲ့ရတာဖြစ်ပြီး ဒီပဲယင်းမြို့နယ်က ၄၂ ဦး၊ အရာတော်မြို့နယ်က ၁၂ ဦး၊ တန့်ဆည်မြို့နယ်က ၁၀ ဦး၊ ရေဦးက သုံးဦး ဖြစ်တယ်လို့ ဆိုပါတယ်။
"သူတို့ကို အကုန်ခိုင်းတယ်တဲ့။ ကျနော်တို့ မျက်မြင်တွေ့ရတာလည်း စစ်သားအဝတ် တွေသာ မဝတ်တာ အဝေးကကြည့်ရင် တစ်ပုံစံတည်း ထင်ရတယ်။ ဘောင်းဘီအရှည် တွေ၊ အတိုတွေ ဝတ်ခိုင်းတယ်။ ဝတ်ခိုင်းပြီးတော့ လက်နက်ကြီးတွေ ထမ်းခိုင်းတယ်။ ကျောပိုးအိတ်၊ စားစရာ၊ ခြင်းကျား အကုန်လုံးကို ဓားစာခံ ပြည်သူတွေကိုပဲ ထမ်းခိုင်း တာ" လို့ တန့်ဆည် PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီ ခမရ (၁၁၃) စစ်ကြောင်းဟာ တန့်ဆည်မြို့နယ် အောင်ချမ်းသာ ကျေးရွာကို ရောက်ရှိစဉ်မှာ ကန့်ဘလူဘက်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကူသွားရတဲ့အတွက် ဩဂုတ်လ ၁၃ ရက်နေ့မှာ စစ်တပ်က Mi – 17 စစ်ရဟတ်ယာဉ်တစ်စင်းနဲ့ စစ်သား ၇၀ ခန့်ကို သုံးခေါက်တိတိ သယ်ထုတ်သွားတဲ့အခါမှာ သူတို့ပဲ ကျန်နေခဲ့တာ ဖြစ်ပါတယ်။
ကျန်နေခဲ့သူတွေထဲမှာ ဒီပဲယင်းကနေ ဖမ်းခေါ်ခံလာရတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦးနဲ့ ကျန်တဲ့သူတွေကတော့ လူလတ်ပိုင်း အသက် ၃၀ ကျော်ကနေ ၆၀ လောက်အထိ အရွယ်စုံ အမျိုးသားတွေချည်းဖြစ်လို့ လမ်းလျှောက်နိုင်တဲ့လူ အကုန်ခေါ်လာတာ ဖြစ်တယ်လို့ တန့်ဆည်ဒေသခံတွေက ပြောပါတယ်။
ပြည်သူ ၆၇ ဦးစလုံးဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စစ်တပ်ရဲ့ စစ်ကြောင်းလက်ထဲကို ရောက်ရှိသွားတာဖြစ်ပြီး သူတို့ လက်ထဲမှာ တစ်လနီးပါး နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဓားစာခံတွေနဲ့ စစ်တပ်စစ်ကြောင်းတို့ တန့်ဆည်နယ်ထဲကို စတင် ဝင်ရောက်လာစဉ်က အင်အား ၂၀၀ ခန့်ရှိကာ တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲ ရှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ကံကောင်းတာတစ်ခုက ဒီစစ်ကြောင်းတစ်လျှောက်မှာ တိုက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပေမယ့် ဓားစာခံ ပြည်သူတွေကတော့ ကံကောင်းပြီးတော့ ဘေးမသီ ရန်မခဘူး။ သေတော့လည်း စစ်သားတွေပဲ သေတယ်။ အခုက ရဟတ်ယာဉ်နဲ့ လိုက်သွားတာက ၇၀ နဲ့ ကျန်ခဲ့တာက ၆၇ ယောက်ဆိုတော့ သူတို့မှာ ၁၃၀ ကျော်ပဲ ကျန်တော့တာ"
လက်ရှိမှာ ကယ်ထုတ်ထားတဲ့ ပြည်သူတွေကို PDF တွေက စောင့်ရှောက်ပေးထားပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးနေရပ်ပြန်နိုင်ရေး စီစဉ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
တန့်ဆည်က ထွက်သွားတဲ့ စစ်ကြောင်းကတော့ ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ် အစပ်က အောင်ချမ်းသာရွာ၊ နတ်ခုပ်ကုန်းရွာတွေဘက်ကို ရောက်ရှိသွားပြီလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။