အခမဲ့ အင်္ဂလိပ်စာ သင်တန်း ဒေသခံအာဏာပိုင် အဖွဲ့က နှောက်ယှက်
2011.03.25
ရေနီမြို့က ဓမ္မာရုံမှာ ဒီကနေ့ စတင်တဲ့ အခြေခံ အင်္ဂလိပ်စာ သင်တန်းကို အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသား
၆၀ ခန့် စိတ်ပါဝင်စားစွာ တက်ရောက် သင်ကြားနေချိန် အာဏာပိုင်တွေ လာရောက် နှောက်ယှက်ခဲ့ပုံကို NLD ရေတာရှည် မြို့နယ် စည်းအဖွဲ့ဝင် ဦးသန်းအောင်က RFA ကို အခုလို ပြောပြပါတယ်။
"ကျတော်တို့သင်တဲ့နေရာက အသင်းတသင်းပိုင်တဲ့ ဓမ္မာရုံပေါ့ဗျာ။ အဲဒါကို အများပိုင်တဲ့ နေရာဆိုပြီး လာတားတယ်။ တားတာကလည်း ရဝတ ဥက္ကဌက မဝတရဲ့ အမိန့်တဲ့။ ကျတော်တို့က တားစာထုတ်ပေးရင် ဖယ်ပေးမယ်။ အဲဒါ မပေးတော့ ကျတော်တို့ကလည်း ဆက်သင်တယ်။ ကလေးတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ သင်နေကြတာ မဝတ ဥက္ကဌက လာတားတော့ စိတ်ညစ်သွားကြတာပေါ့ဗျာ"
အလားတူပဲ အင်္ဂလိပ်စာအခမဲ့ သင်ကြားပေးဖို့အလွတ် ပညာသင် ဆရာဆရာမတွေနဲ့ ဆွေးနွေးပွဲကို တောင်ငူမြို့နယ် အမှတ် (၁) မဲဆန္ဒ နယ်မြေ NLD လွတ်တော် ကိုယ်စလှယ် ဦးအောင်စိုးမြင့်ရဲ့နေအိမ်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းတွေကို မေလဆန်းမှာ စတင်မှာ ဖြစ်ပြီး ဆယ်တန်း ဘာသာရပ်တွေကို အလွတ် ပညာသင် ဆရာဆရာမတွေနဲ့ သင်ကြားပို့ချမှာ ဖြစ်သလို အင်္ဂလိပ် စကားပြော သင်တန်းတွေကိုလည်း ပို့ချသွားမယ်လို့ အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။