NCA စာချုပ်ဖြည့်စွက်ချက်အပေါ် အပစ်ရပ်အဖွဲ့တွေအကြား သဘောထားကွဲလွဲမှုတွေရှိ
2019.05.15

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် NCA အတိုင်း ရှေ့ဆက်လိုတဲ့အဖွဲ့တွေရှိသလို NCA ကို ပြင်ဆင်ဖြည့်စွက်ပြီးမှ အစိုးရ၊ တပ်မတော်နဲ့ ကတိကဝတ်ပြုပြီး တစ်ဆင့်ချင်း ရှေ့ဆက်လိုတဲ့ အဖွဲ့တွေ ရှိနေတဲ့အတွက် ဒီထိပ်သီးအစည်းအဝေးမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် အင်အားကြီး အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က NCA မှာ အချက် လေးချက် ဖြည့်စွက်ပြီး အစိုးရနဲ့ ကတိကဝတ်တွေ ရယူကာ ရှေ့ဆက်ဆောင်ရွက်ဖို့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အပစ်ရပ် ၁၀ ဖဲ့ွ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီတင်ပြချက်အပေါ် ကျန်တဲ့ အင်အားငယ်အဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ အကြား မတူညီတဲ့အမြင်တွေ ရှိနေကြတာလို့ သိရပါတယ်။
ဒီပြင်ဆင်ချက်ကို ဧပြီ ၁၁ ရက်နေ့က နေပြည်တော်မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC တို့ တွေ့ဆုံချိန်မှာ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီနေ့ ဒုတိယနေ့ ကျင်းပနေတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးမှာ သဘာပတိဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်လမ်းကြောင်း တိမ်းစောင်းနေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးမှာ တစ်ဆို့နေတာတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းရှာဖွေရာမှာ အဖွဲ့ တစ်ဖွဲ့၊ နှစ်ဖွဲ့အတွက်ပဲ ထွက်ပေါက်ရှာတာလို့ မမြင်ကြဖို့၊ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ နည်းလမ်းရှာကြရမှာဟာ အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ဘုံနားလည်မှုနဲ့ ရပ်တည်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က စတင်ကျင်းပနေတာဖြစ်ပါတယ်။
KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်နိုင်ဖို့အတွက် NCA စာချုပ်မှာ အချက် လေးချက် ပြင်ဆင်ဖြည့်စွက်ထားတာကို မနေ့က အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပြီး အစည်းအဝေး တက်ရောက်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား သဘောထား ကွဲလွဲနေကြတာဖြစ်ပါတယ်။
NCA မှာ ဖြည့်စွက်လိုတဲ့ အချက် လေးချက်နဲ့ပတ်သက်ပြီး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး က အခုလိုပြောပါတယ်။
"အဆင့် လေးဆင့်လို့ ပြောတဲ့နေရာမှာ ပထမ အဆင့်ကတော့ ကျနော်တို့ ဒီ NCA ကို ခိုင်မာအောင် ဘယ်လိုလုပ်ငန်းစဉ်တွေ ပြန်ချသင့်သလဲ၊ ပြန်ချတယ်ဆိုတာလည်း မချရသေးတာလည်း တချို့ရှိတာပေါ့နော်၊ အဲတော့ဒါတွေကို ချရအောင် ကျနော်တို့ ပြန်ပြီးတော့ ရီကော်မန့် လုပ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ အဲအဆင့်တစ်ဆင့်ရယ် နောက် ကျန်တဲ့ အဆင့် သုံးဆင့် ကတော့ ကျနော်တို့ ဖက်ဒရယ်ကို ဘယ်လို အဆင့် သုံးဆင့်နဲ့ ချီတက်ပြီး ရောက်အောင်သွားကြမလဲဆိုတဲ့ ဖောင်းဒေးရှင်း တစ်ခုကို ချနိုင်ဖို့အတွက် ပရိုပို့စ် လုပ်တာဖြစ်ပါတယ်။ အဲဒါကတော့ အဆင့် လေးဆင့်လို့ ပြောလို့ရပါတယ်။ အဆင့် လေးဆင့်လုံးကို ချုံပြီးတော့ ကျနော်တို့က အတူတကွ ကွန်မစ် လုပ်သွားကြရအောင်ပေါ့နော်။ ဒီ နိုင်ငံရေး သဘောတူညီချက် ဆိုတဲ့ ပုံစံမျိုးနဲ့ ဘာလို့လဲဆိုတော့ ကျနော်တို့ NCA စာချူပ်က အမှန်က ပြောရရင် သူက ရှင်းရှင်းပြောရရင်တော့ သူက Talk about Talk ပဲလေ၊ ရှေ့ဆက် စကားပြောနိုင်အောင် သဘောတူညီထားတဲ့ စာချူပ်တစ်ခုပဲ၊ နိုင်ငံရေး ကဏ္ဍမှာလည်း ဆက်ပြီး ဆွေးနွေးကြမယ်၊ အပစ်အခတ်ရပ်စဲရေးမှာလည်း ဆက်ဆွေးနွေးကြမယ် ဆိုတဲ့ ဆက်ပြီးဆွေးနွေးနိုင်ရေးအတွက် သဘောတူတဲ့စာချူပ်ပဲဖြစ်တယ် ဒါပေမဲ့ အဲဒါကို ငြိမ်းချမ်းရေး ရပြီလို့ ပုံဖော်လို့ မရဘူး။ အဲဒါကြောင့် ဆက်ဆွေးနွေးဖို့အတွက် ကျနော်တို့ ထပ်ပြီးတော့ ဒီလိုဆွေးနွေးသင့်ပါတယ်ဆိုတဲ့ ပရိုပိုဇယ်ပေးတာပဲ ဖြစ်ပါတယ်"
ဒီလိုပြင်ဆင်ချက်ကို ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေကောင်စီ RCSS တို့က ဖြည့်စွက်ရေးသားထားတာဖြစ်ပြီး ဧပြီ ၁၁ ရက်နေ့က နေပြည်တော်မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC တို့ တွေ့ဆုံချိန်မှာ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
NCA အပစ်ရပ် ၁၀ ဖွဲ့လုံး သဘောတူညီမှုရရှိဖို့အတွက်ကိုတော့ မနေ့က စတင်ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ကရင်အမျိုးသားအစည်းအရုံးက တင်ပြခဲ့တာပါ။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီ သွားမယ်ဆိုရင် မူဘောင်တွေထဲမှာ ပါဝင်မှု ခေါင်းဆောင်၊ ဆုံးဖြတ်ချက်ချမှု ပုံစံ၊ စုဖွဲ့မှုလုပ်နည်းတွေသာ ပါဝင်ပြီး ဘယ်လိုအဆင့်နဲ့ သွားမယ်၊ ဘယ်လိုဆွေးနွေးမှုအပိုင်းနဲ့ သွားမယ်ဆိုတဲ့ အခြေခံအချက်အလက်တွေ ပါဝင်မှုမရှိလို့ အခုလို တစ်ဆို့နေတာလို့လည်း ပဒိုစောတာဒိုမူး က ပြောပါတယ်။
NCA ဟာ နိုင်ငံရေး နဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဆက်ဆွေးနွေးနိုင်ဖို့ သဘောတူညီထားတဲ့ စာချုပ် အဆင့်တစ်ခုသာဖြစ်တယ်လို့ ပဒိုစောတာဒိုမူး က ဆက်ပြောပါတယ်။
"ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်သုံးသပ်တဲ့နေရာမှာ ကျနော်တို့ ပထမဦးဆုံး စတွေ့တဲ့ အခက်အခဲက အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်တဲ့အပိုင်းမှာ အရမ်းကို အားနည်းနေတယ်၊ ဆိုတော့ NCA မှာ အခန်း ၇ ခန်းရှိတဲ့နေရာမှာ အခန်းတိုင်းလိုလိုရဲ့ အကောင်အထည်ဖော်မှုတွေမှာ ဆိုရင် တကယ့်ကို မလုပ်နိုင်တဲ့သဘောမျိုးတွေ တွေ့ရတယ်။ ဥပမာအားဖြင့် အခန်း ၃ ဆိုရင် ကျနော်တို့ လက်မှတ်ရေးထိုးပြီး ၁၄ ရက် အတွင်းမှာ နှစ်ဖက် တပ်မှူးတွေ တွေ့ပြီးတော့ ကျနော်တို့ ဘယ်လိုရှေ့ဆက် အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် လုပ်ရမယ်ဆိုတဲ့အပိုင်းမှာ ဒီ သုံးနှစ်ကျော်ပြီးဗျ မတွေ့ရသေးဘူး။ အဲလိုဟာမျိုးတွေက ဥပမာ အခန်း ၆ လိုဟာမျိုးဆို တစ်ချက်မှ ကျနော်တို့ စကားမပြောနိုင်သေးဘူး၊ ပြောချင်တာက ကျနော်တို့ NCA ထဲမှာ လက်မှတ်ရေးထိုးထားတဲ့ အခန်းတွေနဲ့ သူ့ရဲ့အချက်တွေနဲ့ သူရဲ့ ကွန်တေးရှင်းတွေမှာ အခြေခံပြီးတော့ အကောင်အထည်ဖော်တဲ့နေရာမှာ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်ခြင်းက နံပါတ် ၁ ဖြစ်တာပေါ့နော်။ ဒုတိယ အချက်ကတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကျနော်တို့ သွားတဲ့နေရာမှာ နောက်ထပ် ကျနော်တို့ ဒက်လော့တွေ ကြုံနေရတာပေါ့၊ အဲဒါကိုလည်း ကျော်လွှားနိုင်ဖို့အတွက် လိုအပ်တာပေါ့နော်"
NCA အပြင် နောက်ထပ် ကတိကဝတ်ပြုချက်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့ လုပ်ဆောင်မှုအပေါ် ပိုပြီး အခက်အခဲ အတားအဆီးတွေ ရှိသွားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း တိုင်းရင်းသားခေါင်းဆောင်တွေအကြား ရှိနေပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က အခုလို ပြောပါတယ်။
"အမြင်တွေကတော့ ရှိကြတာပေါ့နော် တချို့တွေကလည်း DOC နဲ့ သွားချင်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိတယ်၊ DOC ဆိုလို့ရှိရင်တော့ တစ်ဆို့မှုတွေ ပိုများမလားဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိကြတယ်၊ ကျမတို့ဖက်ကတော့ အခု တစ်ဆို့နေတဲ့အချက်တွေကို အလွတ်သဘောနည်းနဲ့ ဖြေရှင်းချင်တယ် ပြီးလို့ရှိရင် တရားဝင်တဲ့ ဆွေးနွေးပွဲတွေနဲ့လည်း သွားချင်တယ် ပုံစံကတော့ ကျမတို့က နဂိုသွားနေတဲ့ NCA ရဲ့ လမ်းကြောင်းပုံစံမျိုးနဲ့ သွားချင်တယ်၊ ဒါပေမဲ့ ကျမတို့ဖက်က မြင်တာကတော့ အတည်ပြုချက်ဆိုင်ရာ ကိစ္စတွေမှာကြလို့ရှိရင် ကျမတို့ ဆွေးနွေးနေဆဲဖြစ်တယ်၊ အတည်ပြုချက်ဆိုင်ရာကိစ္စတွေမှာ NCCT ကတည်းက ကျမတို့က စဉ်းစားခဲ့တဲ့ စဉ်းစားချက်တွေ ကျမတို့ ရှိခဲ့တယ် EAO တွေလည်း အတည်ပြုတဲ့နေရာမှာ ပါဝင်ဆုံးဖြတ်နိုင်ရေး ဆိုတဲ့ စဉ်းစားချက်တွေရှိတယ်၊ အဲဒါကိုတော့ ကျမတို့က သမိုင်းဆိုင်ရာ မှတ်တမ်းတစ်ခုလည်း ဖြစ်လာအောင်တော့ ဒီမှာတင်ပြနေတာ ရှိပါတယ်"
မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ကတော့ တစ်ဆို့မှုတွေ ကျော်ဖြတ်နိုင်ဖို့အတွက် အခုလို ကတိကဝတ်ပြုချက်တွေနဲ့ အကောင်အထည်ဖော်ဖို့ နည်းလမ်းရှာတာဟာ လက်တွေ့အခြေအနေတွေအရ အကောင်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။
"NCA ထိုးထားတဲ့ အဖွဲ့တွေကြားမှာလည်း ကနေ့ လက်တွေ့ အနေအထားအရပေါ့ဗျာ နော် တချို့က ဒီ NCA ထိုးထားပေမယ့် တိုက်ပွဲတွေက ဖြစ်နေတုန်းပဲ၊ ဒါတွေက NCA ရဲ့ အားနည်းချက်ပဲလို့ ကျနော် မြင်တယ် ဒါတွေကို ကျနော်က ဖြည့်စွက်ပြီးတော့မှ ဘယ်လိုနည်းနဲ့ ပြန်လည် တချို့က ဖြည့်စွက်ရမယ်၊ တချို့ကတော့ အဲဒီ NCA ကို ပြင်လို့မရရင်တောင် DOC အနေနဲ့ပေါ့နော် ဒစ်အော့ဖ်ကွန်မင့်မန့် အနေနဲ့ ဒါကတော့ ကတိကဝတ်တွေ ပေးပြီးတော့မှ ပြင်ဆင်မှုတွေ လုပ်ပြီးတော့မှ ဆက်လက်ညှိနှိုင်းဖို့လိုတယ်၊ ဒါက နည်းလမ်းရှာတာက ကောင်းပါတယ်လို့ ကျနော်မြင်တယ်လေ"
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် ဖက်ဒရယ်ရဲ့ အခြေခံသဘောထားတွေကို နားလည်မှု ရယူမထားရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ဟံသာ က ဆက်ပြောပါတယ်။
"အဓိကအားဖြင့် ကျနော်တို့ကတော့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို တည်ထောင်မယ်ဆိုရင် ဖက်ဒရယ်ရဲ့ အခြေခံသဘောထားတွေပေါ်မှာ နားလည်မှု ရယူနိုင်ဖို့ အရေးကြီးတယ်၊ ဒီမိုကရေစီကတော့ ဒါကတော့ အထူးတော့ ပြောဖို့မလိုဘူးပေါ့နော် ဒါတော့ အားလုံး လိုလားပြီးသားပါ။ အဓိကတော့ ကျနော်တို့ တစ်ဆို့နေတာကတော့ ဖက်ဒရယ် အခြေခံ ပြည်နယ်တွေရဲ့ အခွင့်အရေးကို ဘယ်လောက် သတ်မှတ်ပေးမလဲပေါ့၊ နောက် တချို့ ပြည်နယ်မရှိတဲ့ လူမျိုးစုငယ်လေးတွေရဲ့ အခွင့်အရေးတွေကိုလည်း ကျနော်တို့ ဘယ်လောက် သတ်မှတ်ပေးမလဲ၊ ဒါတွေကတော့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံ၊ ဒါတွေအပေါ်မှာ နားလည်မှုမရရင် ကျနော်တို့ ရှေ့တိုးလို့မရဘူးလို့ ကျနော်မြင်တယ်"
အပစ်ရပ် ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးပွဲကို မေ ၁၈ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲမှုတွေကို အဖြေရရှိနိုင်ဖို့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။
အစည်းအဝေးကို NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားကြတဲ့ KNU၊ RCSS၊ ALP၊ CNF၊ DKBA၊ NMSP၊ LDU၊ KNU-LA (PC)၊ PNLO၊ ABSDF က ထိပ်သီးခေါင်းဆောင် ၁၀၀ နီးပါး တက်ရောက်နေပြီး ထူးခြားတာကတော့ NCA လက်မှတ် မရေးထိုးကြရသေးတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ခေါင်းဆောင်ကိုယ်စားလှယ် တချို့က လေ့လာသူတွေအဖြစ် တက်ရောက်နေပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။