ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြ
2018.08.21

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂ ဥက္ကဌအပါအဝင် အလုပ်သမား အယောက် ၃၀ ကို အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။
ဒီနေ့မနက်ပိုင်းမှာ အလုပ်ရှင်ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ညှိနှိုင်းဖို့ ပြောပေမယ့် မပြေလည်တာကြောင့် ဆက်ပြီးဆန္ဒပြသွားမယ်လို့ စက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဌ မသက်ထားဆွေ က ပြောပါတယ်။
"မနက်အလုပ်လာတော့ ညှိမယ်လို့ ပြောတာပေါ့နော်။ ညှိမယ်ပြောတာကို အညှိမခံဘူး။ လုံခြုံရေးအင်အားသုံးပြီးတော့ သူတို့ကလေ လူဦးရေ ၄၊ ၅ ၊ ၁၀ယောက်နဲ့ ရှေ့မှာ ပိတ်ထားတယ်။ ပြီးတော့ ရဲတွေခေါ်ထားတယ်။ ကျမတို့က ညှိမယ်၊ ညှိမယ်ပြောတာကို အညှိမခံတာဖြစ်တဲ့အတွက် ကျန်တဲ့အလုပ်သမားတွေနဲ့အတူ သပိတ်မှောက်လိုက်တာ။"
မနေ့က အလုပ်လုပ်နေတဲ့အချိန်အထိ ဘာမှအကြောင်းမကြားသေးဘဲ အလုပ်ကအပြန် အိမ်ရောက်တဲ့အခါ စက်ရုံကနေ လူကြုံနဲ့ပေးလိုက်တဲ့ အလုပ်ထုတ်စာကို ရတာဖြစ်တယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ က ပြောပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအပါအဝင် စက်ရုံမှာရှိတဲ့ တခြားအလုပ်သမားတွေပါ ပါဝင်တဲ့ အလုပ်သမား ၅၀၀ လောက်ဟာ စက်ရုံရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဖုယွင် အထည်ချုပ်အလုပ်သမားတွေကို အနည်းဆုံးအခကြေးငွေနှုန်းထားအရ လုပ်ခတွေတိုးပေးပြီးနောက်ပိုင်းမှာ ကုန်ကျစရိတ်တွေ ပိုများလာတဲ့အကြောင်း၊ အခုအချိန်မှာ လုပ်ခလစာစရိတ်တွေ ပိုပြီးကုန်ကျလာ တာကြောင့် ရေရှည်စီးပွားရေး တွက်ခြေမကိုက်လို့ အရှုံးပေါ်နေတဲ့အကြောင်း ဖုယွန်အထည်ချုပ်စက်ရုံရဲ့ ထုတ်ပြန်စာအရ သိရပါတယ်။
ဒါ့ကြောင့် စက်ရုံမှာ အလုပ်ရှင်အလုပ်သမား သဘောတူညီချက်အတိုင်း အလုပ်လုပ်တာမရှိတဲ့သူတွေ၊ စာချုပ် ချိုးဖောက်တဲ့သူတွေ၊ ခွင့်မဲ့ပျက်ကွက်များတဲ့သူတွေ၊ ကုန်ထုတ်လုပ်မှုကျဆင်းအောင် သွေးထိုးလှုံ့ဆော်သူတွေဖြစ်တဲ့ အလုပ်သမား အယောက် ၃၀ ကို သြဂုတ် ၂၀ ကစပြီး အလုပ်ရပ်စဲလိုက်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလုပ်သမားတွေဘက်ကလည်း အဲဒီစည်းကမ်းတွေ ချိုးဖောက်ထားတာမရှိဘူးလို့ ငြင်းဆိုကြပါတယ်။