ဖုယွင်အလုပ်သမားအရေး ဆွေးနွေးမှု မပြေလည်
2018.10.29

အလုပ်ရှင် အလုပ်သမားပြဿနာ ပြေလည်မှုမရသေးတဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ တေ့ွဆုံဆွေးနွေးမှုဟာ အပြီးသတ် ပြေလည်မှု မရခဲ့ဘဲ အလုပ်သမားတွေက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ သပိတ်စခန်းဖွင့်ဖို့ ပြင်ဆင်နေပါတယ်။
အလုပ်ထုတ်ခံထားရတဲ့ ဖုယွင်စက်ရုံက အလုပ်သမား ၃၀ ကို တခြားစက်ရုံတွေမှာ အလုပ်အကိုင်ရရှိအောင် အစိုးရက ဆောင်ရွက်ပေးမယ်လို့ ဝန်ကြီး ဦးဇော်အေးမောင်က ကတိပေးပေမယ့် အလုပ်သမားတွေအားလုံးက လက်မခံကြဘူးလို့ သိရပါတယ်။
ဖုယွင်သပိတ်စခန်းက အလုပ်သမား ၈၀ လောက်ဟာ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပေးဖို့၊ အလုပ်သမားအခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေပြဌာန်းပေးဖို့၊ ဆန္ဒပြအလုပ်သမားတွေအပေါ် အကြမ်းဖက်သူတွေကို အရေးယူပေးဖို့ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခွင့်ရဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရှေ့ကို ဆက်လက်ချီတက်ဆန္ဒပြတောင်းဆိုရာမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့တာပါ။
နှစ်လကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဖုယွင်အလုပ်သမားတွေအရေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ကပါ ဝင်ရောက် ဖြေရှင်းပေးဖို့ ဝန်းရံသူတွေကလည်း တောင်းဆိုနေကြပါတယ်။