စက်သုံးဆီစျေးကျသွားချိန် ဆိုင်တွေမှာ ဆီပြတ်လပ်နေ

RFA Burmese
2023.10.09
စက်သုံးဆီစျေးကျသွားချိန် ဆိုင်တွေမှာ ဆီပြတ်လပ်နေ ရန်ကုန်မြို့၊ မြေနီကုန်းရှိ SPC စက်သုံးဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေသည့် ကားများကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
RFA

စက်သုံးဆီစျေး ကျသွားပြီးနောက် ရန်ကုန်တိုင်းထဲက နာမည်ကြီး စက်သုံးဆီဆိုင် တွေအပါအဝင် စက်သုံးဆီဆိုင် အများစုမှာ လူသုံးများတဲ့ ၉၂ အမျိုးအစားဓာတ်ဆီ လုံးဝပြတ်လပ်နေပြီး ၉၅ အမျိုးအစား ဓာတ်ဆီလည်း တစ်ဦးကို ကျပ်နှစ်သောင်းဖိုးသာ ကန့်သတ်ရောင်းပေးနေတယ်လို့ ကိုယ်တိုင်ဆီဖြည့်ခဲ့သူတွေက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အောက်တိုဘာလ ၉ ရက်ဒီနေ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်း စက်သုံးဆီ ရည်ညွှန်းလက်လီစျေးနှုန်းမှာ ၉၂ အမျိုးအစား ဓာတ်ဆီ တစ်လီတာ ကျပ် ၁၉၄၅ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီ တစ်လီတာ ၂၀၄၅ ကျပ်ရှိနေပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကတော့ ၉၂ အမျိုးအစားဓာတ်ဆီ တစ်လီတာ ကျပ် ၂၁၂၀ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီ တစ်လီတာ ၂၂၁၅ ကျပ်ရှိခဲ့တာပါ။

လက်ရှိ စက်သုံးဆီစျေးကျနေပေမယ့် ပစ္စည်းပြတ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၉၂ အမျိုးအစား ဓာတ်ဆီ လုံးဝဝယ်မရတဲ့ အခြေအနေဖြစ်နေတယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့မှာ ပစ္စည်းပြတ်နေတယ်တဲ့။ ပစ္စည်းပြတ်နေတော့ 92 မရတော့ 95 ပဲ နှစ်သောင်းဖိုးရမယ်တဲ့။ တခြား ဆိုင်တွေလည်း မရှာအားဘူးလေ။ ဟိုနားဒီနားပဲ သွားတာဆိုတော့ အဲက 95 လေးပဲ ထည့်လာလိုက်တယ်။ ဟိုင်းဝေးမောင်းတဲ့သူတွေက ပိုပြီး ဒုက္ခရောက်မှာပေါ့။ 92 ကတော့ လုံးဝမရဘူး။ 95 တောင် အကန့်အသတ်နဲ့ပဲ ရောင်းနေတာပါ”

တာမွေ၊ မင်္ဂလာတောင်ညွန့်နဲ့ စမ်းချောင်းမြို့နယ်အနီးတစ်ဝိုက်က ဆီဆိုင်ကြီးတွေမှာလည်း အောက်တိုဘာ ၇ ရက် ကစပြီး ဆီသွားဖြည့်ပေမယ့် ဆီကားမရောက်သေးတဲ့အတွက် ဆီပြတ်နေတယ်လို့သာ ပြောတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။

“ဆီမရှိတဲ့ဆိုင်တွေကတော့ များတယ်။ မနေ့ကတော့ 92 ပြတ်တယ်။ 95 တောင် အကန့်အသတ်နဲ့ပဲရတယ်။ ဒီနေ့တော့ နည်းနည်းပြန်ရပြီ။ လိုင်းပေါ်မှာလည်း ပျံ့နေတော့လေ။ ဆီပြတ်တာ ရန်ကုန်တစ်ခုတည်းတောင် မဟုတ်ဘူး။ နယ်တွေပါ ပါလောက်တယ်။ ရန်ကုန်မှာတောင် ဆီဆိုင်အများစုက လက်ပဲခါပြနေတယ်။ လိုင်းပေါ်မှာလည်း ဆီစျေးကျတဲ့အချိန် ဆီပြတ်တော့ အစုံထင်ကြ၊ ပြောကြပေါ့။ တက်စျေးမိထားလို့ စျေးကျချိန် ထုတ်မရောင်းတာမျိုးလားပေါ့”

ဘာကြောင့် ဆီပြတ်လပ်နေတာလဲဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ ရန်ကုန်မြို့က နာမည်ကြီး စက်သုံးဆီဆိုင်ဘက်ကို အောက်တိုဘာလ ၉ ရက်ဒီနေ့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကိုလည်း RFA က ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးရှိနေတဲ့အတွက် ဖြေဆိုနိုင်ခြင်းမရှိသေးကြောင်းသာ အကြောင်းပြန်ပါတယ်။

ဒါ့အပြင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

စက်သုံးဆီပြတ်လပ်မှုကြောင့် ဂတ်စ်ကားမဟုတ်ဘဲ ဆီကားမောင်းနေကြတဲ့ တက္ကစီ ယာဉ်မောင်းတွေ၊ ကိုယ်ပိုင် ယာဉ်နဲ့ အဝေးပြေးယာဉ်တွေ၊ လျှပ်စစ်မီးပုံမှန်မရရှိတဲ့အတွက် မီးစက်ကိုသာ အားကိုးလုပ်ကိုင်နေကြရတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ ပိုပြီးအခက်အခဲဖြစ်စေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ နေ့စဉ် ထုတ်ပြန်ချက်အရ စက်သုံးဆီစျေးနှုန်းဟာ အခုနှစ် စက်တင်ဘာလအတွင်း ၁၆ ရက်နေ့မှာ ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာ ကျပ် ၂၄၄၀ ကျပ်၊ ၉၅ အမျိုးအစားဓာတ်ဆီ တစ်လီတာ ၂၅၆၅ ကျပ်နဲ့ အမြင့်ဆုံးစျေးကို ရောက်ရှိခဲ့ပါတယ်။

အဲဒီအခြေအနေနဲ့ နှိုင်းယှဉ်ရင် လက်ရှိမှာ ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာကို ၄၅၉ ကျပ်ထိ စျေးပြန်ကျနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။