စက်သုံးဆီဈေးတွေ မြင့်တက်နေ
2016.12.23

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ဈေးတက်လာရာမှာ ဒီကနေ့ Octane အောက်တိန်း တစ်လီတာကို ကျပ် ၇၅၀ အထိ ဈေးတက်လာနေသလို ဒီဇယ်တစ်လီတာကိုလည်း ၇၀၅ ကျပ်အထိ ဈေးတွေ မြင့် တက်နေပြီး လာမယ့်သတင်းပတ်မှာ ဆက်လက်တက်နေဖို့ အလားအလာရှိနေပါတယ်။
ကမ္ဘာ့ရေနံဈေးနဲ့ ပြည်တွင်းက ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်နေတာတွေ ပုံမှန်အတိုင်း ပြန်မကျသေးလို့ အခုလိုဈေးတွေတက်နေရတာလို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းက ဦးစိုင်းဝမ်းလှိုင် က ပြောပါတယ်။
''ကျနော်တို့အသင်းမှာ ညှိလိုက်တာပေါ့နော်၊ ပုံမှန်ဆိုရင်တော့ဗျာ လုပ်ငန်းတစ်ခုလုပ်ရင် သူ့ရာခိုင်နှုန်း ဘယ်လောက်ဘယ်လောက် အမြတ်ပုံစံယူပြီးတွက်တာဆိုရင် တစ်လီတာကို ၇၆၀ ကျော်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ၇၀၀ ကျော်ပဲရောင်းတယ်၊ ဆိုင်တွေက ကိုက်လားဆိုရင် မမြတ်ဘူး၊ အရင်းလောက်နဲ့ ပဲ ရောင်းနေရတယ်ပေါ့၊ အောက်တိန်းတို့ဆိုရင် ဝယ်ရင်းဈေးပဲ လက်ကားဈေးပေါ့နော်၊ နိုင်ငံခြားကနေ သွင်းလာတာ ပြီးခဲ့တဲ့အပတ်မှာ တစ်လီတာကို ၆၈၀ ရှိတယ်၊ ဆိုင်မှာ သူ့ရဲ့စရိတ်က ၄၀ လောက် ရှိတယ်၊ သူ့ဆိုင်အရောက်အရင်းတင် ၇၂၀ လောက်ဖြစ်နေပြီ၊ တကယ်လို့ ငွေဈေးလည်း မကျဘူး၊ ဆီဈေးလည်းမကျဘူးဆိုရင် နောက်အပတ်ဆိုရင်လည်း မခံနိုင်တော့ဘူးလေ၊ အဲ့ဒီအခါဆို နည်းနည်းလေး ထပ်တင်မယ်ထင်တယ်''
ပြီးခဲ့တဲ့နိုဝင်ဘာလက အောက်တိန်းဆီ တစ်လီတာကို ကျပ် ၅၄၀ ဝန်းကျင်လောက်ပဲရှိခဲ့ပြီး ဒီဇယ်ဆီ တစ်လီတာကို လည်း ကျပ် ၅၄၀ လောက်သာရှိခဲ့ပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းကစပြီး ပြည်တွင်းငွေ လဲလှယ်နှုန်းထားအရ တစ်ဒေါ်လာ ကျပ် ၁၄၀၀ ကျော်ရှိခဲ့ရာကနေ ပြန် ကျနေပေမယ့် လက်ရှိ ၁၃၇၀ ပတ်ဝန်းကျင်လောက်မှာ ရှိနေသလို ကမ္ဘာ့ရေနံဈေးမှာလည်း ရေနံစိမ်း တစ်စည် ကို ဒေါ်လာ ၅၀ ကျော်အထိ ဈေးတက်နေတာတွေကြောင့် ပြည်တွင်းစက်သုံးဆီဈေးတွေဟာလည်း အခုလို တက်နေရတာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလပိုင်းက ကမ္ဘာ့ရေနံဈေးမှာ ရေနံစိမ်းတစ်စည်ကို ၄၄ ဒေါ်လာလောက်သာရှိခဲ့ရာ ကနေ အခုဆိုရင် ၅၄ ဒေါ်လာဝန်းကျင်အထိရှိနေတယ်လို့ ပြောပါတယ်။