နေပြည်တော်မှာပါ စက်သုံးဆီ ပြတ်လပ်လာပြီး ပြင်ပမှာ တစ်လီတာ ကျပ်ခြောက်ထောင်ဖြစ်လာ
2023.12.10

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာပါ စက်သုံးဆီ လိုသလောက် မရတော့ဘဲ အခြားမြို့ကြီးတွေနည်းတူ အလှည့်ကျ တန်းစီဝယ်နေရပြီး ပြင်ပပေါက်ဈေးမှာ ရေသန့်ဘူးတစ်ဘူး (တစ်လီတာ) ကို ကျပ်ငါးထောင်ကနေ ခြောက်ထောင်အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက စက်သုံးဆီ လိုသလောက်မရဖြစ်နေပြီး စက်သုံးဆီဆိုင်ကြီးတွေမှာလည်း လူရာနဲ့ချီ တန်းစီဝယ်နေရတဲ့အပြင် ဆိုင်ကယ်တစ်စီးကို ကျပ်ငါးထောင်ထက် ပိုဝယ်မရဘူးလို့ ဆိုပါတယ်။
ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီ လိုသလောက်မရတဲ့ ပြဿနာ မကြာခဏ ဖြစ်ပေမယ့် နေပြည်တော်မှာ စက်သုံးဆီ ပြတ်လပ်တာ ပထမဆုံး ကြုံဖူးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အပြင်မှာ တစ်ဘူး (တစ်လီတာ ရေသန့်ဘူး)ကို ငါးထောင်၊ ပိုရှားတဲ့နေရာတွေမှာ ခြောက်ထောင် ရှိနေတယ်။ မြန်မာနိုင်ငံက စက်သုံးဆီနဲ့ ပတ်သက်လာရင် ခဏ ခဏ ပြတ်တာ ကြုံရတယ်၊ ဆီတွေ တိုးဝယ်ရတယ်။ ဆီဈေးတွေ တက်တယ် အဲဒီလိုမျိုး။ ဒါပေမဲ့ နေပြည်တော်မှာ အခုတစ်ခေါက်က ပထမဆုံး ဆီတိုးရတာပဲ။ ဆီပြတ်တာပဲ။ အရင်တုန်းက ဘယ်မှာ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ နေပြည်တော်မှာ မကြုံရဘူးဗျာ။ ဒါက ပထမဦးဆုံးပဲ။ DENKO တို့ ဘာတို့က ဆီပြတ်မသွားဘူး။ ဒါပေမဲ့ ဆီတိုးတဲ့သူကလည်း မပြတ်ဘူး။ တိုးတဲ့သူ ရာဂဏန်းနဲ့ရှိတယ်”
လက်ရှိက နေပြည်တော်ဝန်းကျင်မှာ စပါးရိတ်သိမ်းချိန်ဖြစ်ပြီး စက်သုံးဆီ လိုသလောက်မရတဲ့အပြင် အချိန်ယူ တန်းစီဝယ်နေရတာကြောင့် မရိတ်သိမ်းရသေးတဲ့လယ် အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေပြည်တော်ကိုလာတဲ့ ခရီးသည်ကားတွေနဲ့ ကုန်တင်ကားတွေလည်း လမ်းမှာ စက်သုံးဆီ တိုးဝယ်ရပြီး တစ်ခါ ဆီဖြည့်ရင် ကျပ်သုံးသောင်းဖိုးသာ အကန့်အသတ်နဲ့ ရတဲ့အတွက် ခရီးစဉ်တွေ နောက်ကျသလို ကားအစီးရေ လျှော့ချပြေးဆွဲရတာမျိုး ရှိနေတယ်လို့ ဆိုပါတယ်။
စက်သုံးဆီ လိုသလောက်မရတဲ့ ပြဿနာဟာ ဒီဇင်ဘာ လဆန်းပိုင်းကစလို့ ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးမှာ ကြုံနေကြရပြီး တစ်နေကုန်နီးပါး လူရာနဲ့ချီ တန်းစီ ဝယ်ယူနေကြရတာပါ။
တိုက်ပွဲကြောင့် စစ်ကောင်စီက လမ်းကြောင်း အားလုံး ပိတ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာဆိုရင် စက်သုံးဆီ တစ်လီတာ ကျပ်သုံးသောင်းကျော်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်မြို့မှာ စက်သုံးဆီ တစ်လီတာကို ကျပ်ရှစ်ထောင်ကနေ ကျပ် ၁၂,၀၀၀၊ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း တန်းစီဝယ်နေရပြီး ရှမ်းပြည်နယ်၊ အင်းလေးဒေသမှာဆိုရင် တစ်လီတာကို ကျပ် ၄၅၀၀ ကနေ ကျပ်ခြောက်ထောင်အထိ ပေါက်ဈေးရှိနေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ကတော့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ အများကြီး တန်းစီဝယ်နေတာက မဟုတ်မမှန် သတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်ပြီး ပုံမှန်သုံးစွဲမှု ပမာဏထက် ကျော်လွန်ဝယ်နေတာလို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာတွေကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြောထားပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီဇင်ဘာ ၁ ရက်က ၈ ရက်အထိ ရှစ်အတွင်း (92 Ron) ဂါလန် ခြောက်သန်း ခုနစ်သိန်းနီးပါး၊ (95 Ron) ဂါလန် တစ်သန်းခုနစ်သိန်းခန့်၊ (HSD) ဂါလန်ခြောက်သန်းကျော်၊ (PD) ဂါလန် ခုနစ်သန်းတစ်သိန်းကျော် ဖြန့်ဖြူးပေးခဲ့တယ်လို့ ဦးသန်းဇော်က ဆိုပါတယ်။
အခုရက်ပိုင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးက လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင်တွေကို အရင်ဖြန့်ဖြူးပေးတဲ့ ပမာဏထက် (92 Ron) ဂါလန် နှစ်သိန်းသုံးသောင်းကျော်၊ (95 Ron) ဂါလန် တစ်သိန်းနှစ်သောင်းကျော်၊ (HSD) ဂါလန် တစ်သိန်းသုံးသောင်းကျော်နဲ့ (PD) ဂါလန် နှစ်သိန်းလေးသောင်းကျော် ပိုမိုဖြန့်ဖြူးပေးခဲ့ရတယ်လို့ ပြောပါတယ်။