ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတွင် လောင်စာဆီ အခက်တွေ့နေ

ဧရာဝတီတိုင်း ဟင်္သာတခရိုင်မှာလည်း အစိုးရဆီက လုပ်ငန်း လွှဲပြောင်း ရယူလိုက်တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေဟာ အစိုးရသတ်မှတ်တဲ့ ဈေးနဲ့ ရောင်းချတာ မှန်ပေမဲ့ အရေအတွက် ကန့်သတ်လိုက်တာကြောင့် ယာဉ်ပိုင်ရှင်တွေ ဒုက္ခရောက်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

2011.03.03
gasoline_fuel_vehicle_305_z ပြုပြင်ပြောင်းလဲထားသော ယာဉ်တစင်းကို လောင်စာဆီ ဖြည့်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဟင်္သတဒေသခံ တဦးကတော့ ခုလို RFA ကို ပြောပါတယ်။

“ဟင်္သာတမှာ ကားတို့ ဆိုင်ကယ်တို့ကို လိုသလောက် ရောင်းမပေးတော့ပဲနဲ့ အရင်တုန်းက ဆိုင်ကယ်ဆိုရင် တဂါလံ ရောင်းပေးတယ်။ အခုကျတော့ တဂါလံ မရောင်းတော့ဘူး၊ ၃ ပုလင်းပဲ ရောင်းပေးတယ်။ ၃ ပုလင်း ရောင်းပေးတာကို သူက အဆင်ပြေရင် ပြေသလို၊ မပြေရင် မပြေသလို ဂျစ်ကန်ကန်နဲ့ လုပ်ပြီး ရောင်းတာမျိုးတို့၊ လာပြီးတော့ မဝယ်ချင်အောင် လုပ်ပြီးတော့၊ လူတွေ လာမဝယ်ဘူးဆိုလို့ရှိ့ရင် သူက အဲဒီ ဆီကို အပြင်မှာ ဒီ တဂါလံကို ၄,၀၀၀ ဈေးနဲ့ ရောင်းစားတယ်ဆိုရင် တဂါလံကို ၁,၅၀၀ မြတ်တယ်ပေါ့။”

ဓာတ်ဆီဆိုင်တွေဟာ ဟင်္သာတ မြို့ပြင်မှာ ရှိပြီး အလှမ်းကွာဝေး တာကြောင့် လမ်းခရီးအတွက် ကုန်ကျမဲ့ ဆီနဲ့ ဝယ်ယူရရှိမဲ့ ပမာဏ မကာမိတာကြောင့် မြို့လူထု ဟာ အပြင်မှာပဲ ဓာတ်ဆီ ဝယ်ထည့် ကြတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်၊

အင်္ဂပူမြို့နယ်မှာတော့ မနက်ရှစ်နာရီမှာ ဖွင့်တဲ့ ဆိုင်ဟာ ရှစ်နာရီခွဲ ကျော်ရင် ကန့်သတ်ဈေးဖြစ်တဲ့ တဂါလံ ၂၅၀၀ နှုန်းနဲ့ဝယ်ယူလို့ မရတော့ပဲ ပြင်ပပေါက်ဈေးနဲ့ ပေးဝယ်ရတယ်လို့ သိရပါတယ်။

အဲဒီ ဓာတ်ဆီဆိုင်တွေ အားလုံးဟာ ဧရာရွှေဝါကုမ္ပဏီက ပိုင်ဆိုင်ကြောင်း စောစောက ဒေသခံကပဲ ပြောပြပါတယ်။

“ဟင်္သာတ ခရိုင်တခုလုံးမှာ ရှိတဲ့ ဆိုင်တွေ၊ ဒီ မအူပင်ခရိုင်ဆိုတဲ့ နေရာတွေမှာ အကုန်လုံး ဧရာရွှေဝါ ကုမ္ပဏီချည်းပဲ ပိုင်တယ်။ ဧရာရွှေဝါ ကုမ္ပဏီက လက်ရှိ ဒီ လွှတ်တော် ဥက္ကဋ္ဌလုပ်နေတဲ့ ဦးရွှေမန်းရဲ့ သားနှစ်ယောက်ပိုင်တယ်။ ဒီလို သွားတိုင်ဖို့ ဆိုတာလည်းပဲ ဒီ ကုမ္ပဏီကို ပိုင်တဲ့ ပိုင်ရှင်က လွှတ်တော် ဥက္ကဋ္ဌရယ်၊ ဗိုလ်ချုပ်ကြီးဆိုတဲ့ ဟိုဟာ ရာထူးရယ်ကို သိနေကြတဲ့အခါကျတော့ အဲဒါကို ကြောက်နေတဲ့အတွက် ဘယ်သူမှ မတိုင်ရဲကြဘူး ဖြစ်နေတယ်။”

ဧရာရွှေဝါကုမ္ပဏီဟာ ဟင်္သာတခရိုင်မှာ အစိုးရက နှစ်စဉ် သိန်းရာကျော်နဲ့ လေလံပစ်တဲ့ အင်းတွေကို ဈေး သက်သက်သာသာနဲ့ ကိုယ်ပိုင် အင်းအနေနဲ့ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်

အလားတူပဲ မန္တလေးတိုင်းအတွင်းမှာလဲ ဓာတ်ဆီနဲ့ဒီဇယ်ဆီတွေကို ကိုတာ လျော့ပေးနေတဲ့အတွက်

အပြင်ဆီ ပေါက်ဈေးတွေ တက်ကုန်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့က မြို့ခံတဦးက ခုလို ပြောပါတယ်။

“ဒီနေ့စပြီးတော့ ကားတွေကတော့ တပတ်ကို ၆ ဂါလံပဲ ပေးတော့တယ်။ အရင်တုန်းကတော့ ၈ ဂါလံဆိုတော့ ၃၂ ဂါလံလောက် ပေးတာကနေ အခု ဂါလံ ၂၀ ဖြစ်သွားတယ်။ ဆိုင်ကယ်တွေက တလကို ၈ ဂါလံပဲ ပေးတော့တယ်။ အရင်တုန်းကတော့ တရက်ခြား တဂါလံ ပေးတာပေါ့နော်။ အဲလို ဖြစ်သွားတယ်။ ဒီနေ့ကစတယ်။”

“ဒီမှာတော့ အဲဒီ ဖမ်းတာလည်း ပါတာပေါ့။ မန္တလေးကလည်း နွေက အခု တော်တော် နေ့ခင်းပိုင်းက ပူသွားပြီ။ ဘေးမှာ ဆီရောင်းတဲ့ လူတွေပဲ စည်ပင်သာယာက လိုက်ပြီး ဖမ်းတယ်။ နောက် မီးရေးထင်းရေးလည်း ပါမယ်လေ။ နောက်ပြီးတော့ ကမ္ဘာ့ ရေနံဈေးနှုန်းက တက်သွားတဲ့အခါကျတော့ ဒီမှာလည်း ဒီဇယ်တွေကလည်း အပြင်မှာ အရင်တုန်းက ပြီးခဲ့တဲ့ တပတ်အတွင်းမှာ ၄,၀၀၀ အောက် ရှိနေရာကနေ ဒီနေ့ ၄,၇၀၀၊ ၄,၈၀၀ ဖြစ်သွားပြီ။ အဲလို အကုန်တက်ကုန်တာပေါ့နော်။ တက်ကုန်တာကြောင့်မို့ အဲဒီ အချက် ၃ ချက်လုံးက ဒီမှာ ဆီ တော်တော် ရှားသွားတယ်ပေါ့နော်၊ အဲလို ဖြစ်သွားတယ်။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။