အလုပ်ပြန်ခန့်ပေးဖို့ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြ


2018.09.09
fuyung-workers-protest-622.jpg ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားရဲ့ ဆန္ဒထုတ်ဖော်ပွဲကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဖုယွမ် စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ခန့်ပေးရေး အပါအဝင် အချက် ၅ ချက်ကို အလုပ်သမားတွေက ရန်ကုန်မြို့လယ်မှာ ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆူးလေဘုရားအနီးကနေ လမ်းမတော်မြို့နယ်ထိ ချီတက်ဆန္ဒပြခဲ့ကြပြီး အလုပ်သမား ၇၀ လောက်ပါဝင်ပါတယ်။

အလုပ်သမား ၃၀ အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ကူညီပေးနေသူ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

"သပိတ်မှာပါဝင်နေတဲ့ သပိတ်ခေါင်းဆောင် သမဂ္ဂအဖွဲ့ဝင်တွေဟာ သူတို့ဖိနှိပ်ခံရတဲ့ အပေါ်တွေ စက်ရုံက အနိုင်ကျင့်ခံရတာတွေ၊ သပိတ်ကြာရှည်လာတဲ့အပေါ်မှာ သူတို့ကို အစိုးရအနေနဲ့ အကာအကွယ် မပေးမှုတွေ၊ ညှိနှိုင်းရေးမှာ ဘယ်လိုအခက်အခဲ ရှိနေတယ်ဆိုတာတွေကို အဓိကထားပြီး ဆွေးနွေးမှာဖြစ်ပါတယ်၊ နောက်ပြီးတော့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့လည်း ပြည်သူဘက်က ဘက်မလိုက်ဘဲနဲ့ အလုပ်ရှင်ဘက်က ဘက်လိုက်ပြီးတော့ ညှိနှိုင်းမှုတွေပေါ်မှာလည်း သပိတ်အလုပ်သမားတွေက ရှင်းလင်းမှာဖြစ်ပါတယ်"

အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အယောက် ၃၀ ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ကြိုတင်အသိပေးတာ မရှိဘဲ အလုပ်ထုတ်လိုက်တယ်ဆိုပြီး စက်ရုံအလုပ်သမား ၃၀၀ လောက်က စက်ရုံရှေ့မှာ သပိတ်မှောက်ဆန္ဒပြနေရာ ဒီနေ့ဆိုရင် ရက် ၂၀ ရှိပြီဖြစ်ပါတယ်။

ဆန္ဒပြကြတဲ့ အလုပ်သမားတွေဟာ အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့၊ နိုင်ငံသား အလုပ်သမားတွေကို အစိုးရအကာအကွယ်ပေးရေး၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ဘက်မလိုက်ဘဲ ဖြေရှင်းပေးရေး၊ အလုပ်သမားသမဂ္ဂတွေကို ဖြိုခွဲနေတာတွေကို အစိုးရက ချက်ချင်းအရေးယူပေးဖို့နဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေပြဋ္ဌာန်းပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေကို အလုပ်ထုတ်ရာမှာ အလုပ်ရှင်အလုပ်သမား သဘောတူညီချက်အတိုင်း အလုပ်မလုပ်သူတွေ၊ စာချုပ် ချိုးဖောက်သူတွေ၊ ခွင့်မဲ့ပျက်ကွက်တာများသူတွေ၊ ကုန်ထုတ်လုပ်မှုကျဆင်းအောင် သွေးထိုးလှုံ့ဆော်သူတွေ စတဲ့ စွပ်စွဲချက်တွေနဲ့ အလုပ်သမား အယောက် ၃၀ ကို  သြဂုတ် ၂၀ ရက်နေ့ကစပြီး အလုပ်ရပ်စဲလိုက်တယ်လို့ အလုပ်ရှင်ဖက်က ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။