အလုပ်ထုတ်ခံရသူ ၁၄ ယောက် အလုပ်ပြန်ခန့်ဖို့ ပိုင်ရှင် လက်ခံ


2014.07.21
tiger-beer-305 တိုက်ဂါးဘီယာဘူးနဲ့ ပုလင်းပုံ
Photo: loslocosborrachos.wordpress.com

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ Gallant Ocean ဂဏန်း၊ ပုဇွန် အအေးခန်း စက်ရုံက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၄ ယောက်ကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်က ဒီနေ့ သဘောတူလိုက်ပါတယ်။

လှိုင်သာယာမြို့နယ် ဖြန်ဖြေရေးရုံးမှာ အလုပ်ရှင်နဲ့ ညှိနှိုင်းခဲ့တဲ့ Gallant Ocean အအေးခန်းစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်မာမာခင်က ညှိနှိုင်း မှုပြေလည်တာကြောင့် လုပ်ငန်းခွင်ပြန်ဝင်တော့ မှာ ဖြစ်ကြောင်း ပြောပါတယ်။

"အခြေအနေအရ ပြေလည်သွားတယ်ဆိုရင် ကျမတို့ဘက်ကို သူတို့ဘက်က အလုပ်ပြန်ခန့်မယ် ကျမတို့က ဒီနိုင်ခြားသားကိုပေါ့နော် နောက်နောင် ဒီအလုပ်သမားတွေကို အပြစ်မရှိပဲပေါ့နော် အလုပ်မထုတ်ပါဘူးဆိုပြီး သူခံဝန်ချက်ထိုး ထားပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၁၄ ယောက်ကို အလုပ်ရှင်က အလုပ်ထုတ် လိုက် တာဖြစ်ပါတယ်။

ဒီနေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ စက်မှုဇုန်မှာရှိတဲ့ Tiger Beer စက်ရုံမှာ အလုပ်ချိန်လျော့ချ ပေးဖို့နဲ တစ်နေ့ လုပ်အားခတိုးပေးဖို့အတွက် ဆန္ဒပြနေတဲ့အလုပ်သမားတွေ ဒီနေ့ အလုပ်ရှင်နဲ့ညှိနှိုင်း တာ ပြေလည်သွားတယ်လို့ သိရပါတယ်။

ဒီနေ့ ညှိနှိုင်းမှုပြေလည်သွားတာနဲ့ပတ်သက်ပြီး ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်တဲ့ မရာဇာမိုးက အခုလိုပြောပါတယ်။

"လစာကိစ္စ ကျနော်တို့ သူတို့ဆီမှာ တောင်းဆိုထားတယ် တရားဝင် ၅၀၀၀ ကတော့ မဖြစ်ခဲ့ဘူးပေါ့နော်၊ ဒါပေမဲ့ ၄၀၀၀ နှှုန်းထားနဲ့ မနက် ၈ နာရီ၊ ညနေ ၅ နာရီဖြစ်သွားပါတယ်၊ ညဆိုင်းတော့ မဆင်းရတော့ ဘူးပေါ့နော် ဒါပေမဲ့ ကျနော်တို့ကို အချိန်ပို ၁ နာရီခေါ်လို့ရှိလို့ရှိရင် ၁၀၉၀ နှှုန်းနဲ့ အဲ့လိုလည်း ပြောကြား ခဲ့တယ်ပေါ့နော်"

Tiger Beer စက်ရုံက အလုပ်သမားတွေဟာ တစ်နေ့လုပ်အားခ ကျပ် ၂၃၀၀ တိုးပေးဖို့၊ အလုပ်ချိန် ၈ နာရီ လျော့ချပေး ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အလုပ်သမားတွေ တောင်းဆိုတဲ့အထဲမှာ နေ့စားလုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို လခစား အလုပ် သမားတွေအဖြစ် သတ်မှတ်ပေးဖို့ကို အလုပ်ရှင်က လိုက်လျောမှုမရှိပေမဲ့ လုပ်ငန်းခွင်ပြန်ဝင်ပြီး နောက်မှာ ညှိနှိုင်းသွားမယ်လို့ သိရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။