လှိုင်သာယာ အထည်ချုပ်စက်ရုံ ၂ ရုံ အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့်နဲ့ ပုလဲ ဆိုတဲ့ အထည်ချုပ်စက်ရုံ ၂ ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးပေးဖို့နဲ့ အခြားအလုပ်သမား အခွင့်အရေးရဖို့ ဒီနေ့ ဆန္ဒပြနေကြပါတယ်။

2012.05.15
sabae-garment-protest-2-b305 ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့် အထည်ချုပ်စက်ရုံ အလုပ်သမားများ အခြေခံလုပ်ခလစာ တိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်က ဆန္ဒပြနေကြစဉ်။
RFA

စပယ်ပွင့်စက်ရုံ အလုပ်သမားတွေကို လက်ရှိ နေ့စားလုပ်ခပဲ ပေးနေလို့ တစ်လကို သုံးသောင်းနှုန်းနဲ့ လစားအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပေမယ့် မပြေလည်သေးဘူးလို့ အလုပ်သမားတစ်ဦး ဖြစ်တဲ့ မခိုင်မြသွယ်က RFA ကိုအခုလို ပြောပါတယ်။

" ဒေးကြေးက သမီးတို့အတွက် ၅၈၀ ပဲပေးထားတယ်။ အိုတီကြေးက ၁၄၀ ပေးတယ်။ အခု ဧပြီလထုတ်တာလေ သုံးသောင်းကျော်ပဲရတယ်။ သုံးသောင်းကျော်ပဲရတော့ အဆောင်နေတဲ့သူတွေဆိုရင် ပိုပြီးတော့ မခံနိုင်ဘူး။ အခုက အထူးထောက်ပံ့ကြေး သုံးသောင်းလည်းလိုချင်တယ်။ ဘောနပ် သဘောပေါ့နော်။ အဲတာ ငါးထောင်တောင်းတယ်။ နှစ်ထောင်ပဲပေးတယ်။ အဲဒီ သုံးသောင်းကလည်း တစ်သောင်းပဲပေးမယ်တဲ့။ အလုပ်သမား ညှိနှိုင်းရေးမှူး ဦးဝင်းတင်ကလေ သူလုပ်ပေးတာကို လက်သင့်မခံဘူးဆိုလို့ရှိရင်တဲ့ မလုပ်ပေးတော့ဘူးတဲ့"

ပုလဲ အထည်ချုပ်စက်ရုံမှာလည်း ရက်မှန်ကြေး ကျပ် သုံးသောင်း တောင်းတာကို အလုပ်ရှင်ဘက်က သဘောမတူနိုင်သေးတဲ့အတွက် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က ဆန္ဒပြခဲ့တဲ့ Hi Mo ဆံပင်တုစက်ရုံမှာလည်း ဆန္ဒပြစဉ်က သက်ဆိုင်ရာ အာဏာပိုင်၊ စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားတွေ သဘောတူလိုက်တဲ့ အချက်တွေကို တရားဝင် မလိုက်လျောသေးတဲ့အတွက် ဒီနေ့ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေကို စက်ရုံဝင်းထဲကနေ အပြင်ပေးမထွက်တဲ့အတွက် စက်ရုံဝင်းထဲမှာပဲ အလုပ်မလုပ်ပဲ ဆန္ဒပြနေကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ Hi Mo စက်ရုံ အလုပ်သမားတစ်ဦးဖြစ်တဲ့ မယမင်းလွင် က RFA ကိုအခုလို ပြောပါတယ်။

" ၁၀ ရက်နေ့တုန်းက ချုပ်ထားတဲ့ စာချုပ်ကို လူကြီးတွေက တရားဝင်သတ်မှတ် မပေးဘူး ဖြစ်နေတယ်။ လစာတိုးတယ်ဆိုတဲ့ အကြောင်း၊ အိုတီကြေး အခုတစ်လကြေးကို ဘယ်လောက်ရတယ်ဆိုတဲ့ အကြောင်း တရားဝင် ခလေးတွေသိအောင် ကြေညာပေးပါလို့ ပြောထားတယ်။ ဒါပေမဲ့ သူတို့တွေက ဘယ်လိုမှ တုံ့ပြန်မှု မရှိဘူး။ ဒီနေ့မနက် ၈ နာရီက စတင်လိုက်တယ်။ ၁ နာရီခွဲအထိ အချိန်ပေးမယ်တဲ့။ နောက်ပိုင်းကို ကျွန်မတို့ တာဝန်မယူနိုင်ဘူး။ ခလေးတွေ အရမ်းဆူနေပြီလို့ ပြောတဲ့အခါမှာ သူတို့တွေက လုံးဝ ဘယ်လို အကြောင်းပြချက်မျိုးမှ မပေးဘူး"

တောင်းဆိုချက် မရမချင်း အလုပ်သမားတွေက ဆက်လက်ဆန္ဒပြ တောင်းဆိုကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။