ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းကပျောက်နေတာ ရက်ပေါင်းနှစ်ဆယ်ရှိလာ

RFA Burmese
2024.04.22
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းကပျောက်နေတာ ရက်ပေါင်းနှစ်ဆယ်ရှိလာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ၂ဝ၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် စစ်ကောင်စီအစည်းအဝေးတွင် တွေ့ရစဉ်။
Myanmar Military

အာဏာသိမ်းစစ်ကောင်စီထဲမှာ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဧပြီလ ၂၃ ရက် ဒီနေ့နဲ့ဆိုရင် ရက်ပေါင်းနှစ်ဆယ်အထိ ရှိလာပါတယ်။

ပုံမှန်အားဖြင့် လစဉ်လုပ်လေ့ရှိတဲ့ စစ်ကောင်စီရဲ့ အစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌနဲ့အတူ ဒုဥက္ကဋ္ဌပါ တက်ရောက်လေ့ရှိပေမယ့် ဧပြီလ ၂၂ ရက် မနေ့ကလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်တာ မတွေ့ရပါဘူး။

မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ ဦးဆောင်ပြီး စိုက်ပျိုးရေး၊ သဘာဝ ဘေးအန္တရာယ်၊ ပညာရေးနဲ့ အားကစားကဏ္ဍတွေကို ပြောဆိုသွားကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေး က ဖော်ပြခဲ့ပါတယ်။

ဧပြီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာပါ။

ဒီတိုက်ခိုက်မှုကို Alpha Bats Drone Force က လုပ်ခဲ့တာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် တိုင်းစစ်ဌာနချုပ်က အရာရှိကြီးတချို့ ထိခိုက်ခဲ့တယ်လို့ ဧပြီလ ၉ ရက်နေ့မှာ Alpha Bats Drone Force က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့လို့ လူမြင်ကွင်းက ပျောက်နေတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ဒရုန်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရပြီးတော့ လူမြင်ကွင်းကနေ ပျောက်နေတာ ဖြစ်နိုင်ပါတယ်။ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသက်တော့မသေဘူး။ ထိခိုက်မှုတစ်ခုခုတော့ ရှိတယ်။ စစ်ကောင်စီကြားထဲမှာ တပ်ချုပ်၊ ဒုချုပ်အပြောင်းလဲတွေဖြစ်စရာတော့ မမြင်ပါဘူး”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က မီဒီယာတွေကို ဖြေဆိုထားပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ပတ်သက်ပြီး ဧပြီလ ၃ ရက်နေ့ကပြုလုပ်တဲ့ ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်းပွဲ တက်ရောက်ခဲ့မှုဟာ စစ်ကောင်စီပြန်ကြားရေးရဲ့ နောက်ဆုံးဖော်ပြမှု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။