ဆင်ဘိုအနီး ဧရာဝတီကျွန်းပေါ် ရွှေတူးမှာကို ဒေသခံတွေ မကျေနပ်
2012.05.06

ဆင်ဘိုမြို့နဲ့ ၂ မိုင်လောက်သာဝေးတဲ့ ဧရာဝတီမြစ်လယ်က ကျွန်းမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က စလို့ ရွှေတူးစက်တွေ ရောက်လာပြီး ဒီကနေ့မှာ ရွှေတူးမယ့်ဖောင် စုစုပေါင်း ၅၀ ကျော်လောက် ထပ်ပြီးရောက်လာတယ်လို့ ဆင်ဘိုဒေသခံ တစ်ယောက်က ပြောပါတယ်။
"ဆင်ဘိုနဲ့ မဝေးတဲ့နေရာ ကျွန်းဦးဆိုတဲ့ ကျွန်းရှိတယ်။ ဗန်းမော်ဘက်ကနေ တက်လာတာ။ သူတို့က အငြိမ်းစားဗိုလ်မှူး ဦးလှထွန်း၊ သူတို့အဖွဲ့အားလုံး ရွှေဖောင်က ၃၀ ကျော် ၄၀ လောက်ရှိတယ်။ အဲဒါလာလုပ်မယ် ဆိုတဲ့အခါကျတော့ အထက်ရဲ့ ခွင့်ပြုချက်တော့ မဟုတ်ဘူး။ ဆင်ဘိုဒေသ အာဏာပိုင်တွေနဲ့ပဲ သူကလှုပ်ရှားမှာ၊ အဲဒါကို ရွှေကူဒေသခံတွေက စိုးရိမ်မကင်းဖြစ်နေတယ်။ အခုက သူတို့က ကုမ္ပဏီနံမည်ကို မခံဘူး။ ဖက်စပ်ပုံစံမျိုးပေါ့ဗျာ။ အငြိမ်းစားဗိုလ်မှူး ဦးလှထွန်းကနေ ဦးဆောင်လာတဲ့သဘောပဲ။ ဒီဥစ္စာ အုပ်ချုပ်ရေးရုံးတွေလည်း ပါတာပဲ။ စရဖ တွေလည်း ပါတာပဲ။ ရွှေဖောင်တွေက ရောက်လာပြီ"
ဒီနေ့ဆိုရင် ရွှေဖောင်စုစုပေါင်း ၅၀ ကျော်လောက် ထပ်ရောက်လာတယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ ရွှေတူးရင် မြစ်ရဲ့အောက်ပိုင်းမှာ ရှိတဲ့လူတွေအတွက် ကျန်းမာရေးအရ ထိခိုက်နိုင်သလို ပျက်စီးဆုံးရှုံးမှာတွေလည်း ရှိတာကြောင့် ဒေသခံတွေ မကျေနပ်ကြဘူးလို့လည်း အဲဒီဒေသခံက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆင်ဘိုမြို့ အုပ်ချုပ်ရေးဌာနကို RFA က ကြိုးစားဆက်သွယ်ပေမဲ့ အဆက်သွယ်မရခဲ့ပါဘူး။ အလားတူပဲ ဗန်းမော်မြို့ အနီးရှိ ဧရာဝတီမြစ်လယ်ကျွန်း မန်တဲရွာမှာလည်း ပြီးခဲ့တဲ့လကစပြီး ရွှေတူးဖော်နေကြလို့ ရွာရွှေ့ပြောင်းရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။