မချမ်းဘောမြို့နယ်မှာ ရွှေအလွန်အကျွံတူးလို့ သစ်တောမြေတွေ ပျက်စီး

RFA Burmese
2023.06.30
မချမ်းဘောမြို့နယ်မှာ ရွှေအလွန်အကျွံတူးလို့ သစ်တောမြေတွေ ပျက်စီး မချမ်းဘောမြို့နယ် ထီခကြိုးပင်ကာကွယ်တောထဲက ရွှေတူးဖော်နေသည့် လုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Citizen Journalist

ကချင်ပြည်နယ် မချမ်းဘောမြို့နယ် မလိခမြစ်နဲ့ ထိခကြိုးပြင်ကာကွယ်တောထဲက ထိခချောင်းတို့မှာ တရားမဝင် စက်ယန္တရားတွေနဲ့ ရွှေအလွန်အကျွံ တူးလာတာကြောင့် သစ်တောမြေတွေ ပျက်စီးလာတယ်လို့ ဒေသခံတွေက ဇွန်လ ၃၀ ရက် ဒီနေ့ RFA ကိုပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပုဂ္ဂလိက စီးပွားဖြစ်ရွှေတူးဖော်မှုတွေ ပိုများလာပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ စက်ယန္တရားတွေနဲ့ ရွှေအလွန်အကျွံ တူးဖော်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဘက်တွေကမှာ အာဏာသိမ်းပြီးကတည်းက စက်ယန္တရားကြီးတွေနဲ့ တူးလာတာ။ အရင်ကတော့ တူးတယ်ဆိုရင်လည်း စက်အသေးတွေနဲ့ပဲ ဒေသခံတွေတူးတာ။ အခု ၂၀၂၃ က အများဆုံးပဲ။ စက်ယန္တရား (ဘက်ဟိုး) ၁၀၀ ကျော်လောက်ရှိတယ်။ ထီခချောင်းနဲ့ မလိခချောင်းတောက်လျှောက်ပဲ။ မြေတွေက တော်တော်ပျက်စီးသွားပြီ”

မလိခမြစ်ပေါ်မှာတော့ နန်ကျွန်းစေတီနေရာကစလို့ မြစ်အောက်ဘက်က အင်ခါးဂါရွာအထိ ရွှေတူးဖော်မှုတွေ ရှိနေပြီး ဒီလိုရွှေအလွန်အကျွံတူးဖော်မှုတွေ ဆက်ရှိနေရင် သဘာဝပတ်ဝန်းကျင် ပိုပျက်စီးလာမှာ စိုးရိမ်တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကချင်ပြည်နယ်ထဲမှာ ရွှေအပါအဝင် သယံဇာတ တူးဖော်ဖို့ ခွင့်ပြုချက်ပေးထားတာ တစ်ခုမှမရှိဘူးလို့ RFA ကို အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ သယံဇာတ တူးဖော်မှုတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူတွေရဲ့ မြေနေရာတွေ သမိုင်းဝင်နေရာတွေ မတူးဖော်ဖို့ စည်းမျဉ်းချမှတ် ထားတာရှိတယ်လို့ RFA ကို ပြောပါတယ်။

ရွှေတူးဖော်တဲ့ မြေနေရာတွေဟာ ထိန်းသိမ်းရမယ့် ထီခကြိုးပြင်ကာကွယ်တော့ ဧရိယာထဲမှာ ပါနေပြီး အဲဒီမြေနေရာတွေကို ဒေသခံတွေကို စိုက်ပျိုးဖို့ ခွင့်မပြုထားပေမယ့် ရွှေတူးဖော်မှုတွေက ဆက်ရှိနေတာလို့လည်း မချမ်းဘောမြို့နယ်က နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုရွှေတူးတဲ့နေရာ မြေပြန့်ဟုတ်တယ်။ လယ်ယာလုပ်ကိုင်ဖို့ အကောင်းဆုံးနေရာပဲ။ ကြိုးပြင်ကာကွယ်တောဆိုပြီး ဒေသခံတွေကိုတော့ တောင်ယာလည်း မလုပ်ခိုင်းဘူး စိုက်ခင်းလည်းမလုပ်ခိုင်းဘူး လာလည်းမလာခိုင်ဘူး။ အခုက ဌာနဆိုင်ရာ စစ်တပ်တွေ အကုန်ပေါင်းပြီး လွတ်လွတ်လပ်လပ်ကိုတူးနေတာ”

ပူတာအိုမြို့နယ် လန်းဒေါင်ရွာအနီး မလိခမြစ်ဘေးမှာတည်ရှိတဲ့ ကချင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ သမိုင်းဝင်နေရာ အင်ဒွမ်လတပ် (N’dum Latep) ဒေသက တရားမဝင် ရွှေတူးဖော်မှုတွေကို ရပ်တန့်ပေးဖို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဒေသခံတွေက သွားရောက်ကန့်ကွက်တာတွေ လုပ်ခဲ့ပါတယ်။

တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ တန်းလတ်ရွာအနီးမှာလည်း ရွှေအလွန်အကျွံ တူးဖော်မှုတွေကြောင့် စိုက်ပျိုးမြေ ဧက ၄၀၀ ဝန်းကျင်လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက အခုဇွန်လထဲမှာပဲ ပြောထားပါတယ်။

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တု၊ ပယင်း၊ ရွှေ၊ သစ် စတဲ့ သယံဇာတ တူးဖော်ထုတ်လုပ်မှုတွေ သိသိသာသာမြင့်တက်လာသလို တရားမဝင် ရွှေတူးဖော်မှုက ၁၀ ဆကျော်များလာတယ်လို့ ကချင်ပြည်နယ်အခြေစိုက် သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Governance (K-SAG) အဖွဲ့က ဧပြီလ ၂၃ ရက်စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။