အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အစိုးရ အမိန့်ထုတ်

မြန်မာအစိုးရက ဝန်ကြီးဌာနတွေ အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန ၁၅ ခု က အမေရိကန်ဒေါ်လာ ၆၅ သန်းပမာဏ အလွဲသုံးစားလုပ်ထားခဲ့ကြောင်း လွှတ်တော်မှာ စာရင်းစစ်ချုပ်က အစီရင်ခံခဲ့ပြီးတဲ့နောက် အဲဒီအမိန့်ထွက်လာတာဖြစ်ပါတယ်။

2012.11.20

ဒါဟာ ကမ္ဘာပေါ်မှာအကျင့်ပျက် ချစားမှု အများဆုံးတိုင်းပြည်ထဲက တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားရှားပါးတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့ထုတ် AFP သတင်းမှာဖော်ပြပါတယ်။

အစိုးရဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ရရှိဖို့ငွေထဲက  ဒေါ်လာ သန်း ၂၀ကိုပြန်ရပြီးဖြစ်ပေမယ့် ဒေါ်လာ ၄၅ သန်း ဆက်လက်ရရှိဖို့ ကျန်နေပါသေးတယ်လို့ ပြီးခဲ့တဲ့အပါတ်က လွှတ်တော်မှာတင်သွင်းတဲ့ စာတမ်းတခုမှာ စာရင်းစစ်ချုပ်ကတင်ပြခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေဟာ ၂၀၁၃ ခုနှစ် မတ်လအထိ ပေးရန်ကျန်ငွေတွေကို ပေးဆပ်နိုင်ပြီး အဲဒီကာလအထိအထိ မပေးဆပ်နိုင်ရင်တော့ ဒါဏ်ကြေးပေးဆောင်ရမယ့်အပြင် တရားဥပဒေအရ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ အဲဒီစာတမ်းမှာဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနတချို့က အစိုးရဝန်ထမ်းတွေအနေနဲ့  ဒေါ်လာ ၁ သိန်းခွဲ အလွဲသုံးစားလုပ်ထားကြောင်းတွေ့ရှိပြီး အဲဒီငွေတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနဝန်ထမ်းတွေက အစိုးရထံ အမြန်ဆုံးပြန်လည်ပေးဆောင်ရမှာဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ နိုင်ငံပိုင်ငွေပမာဏ မြောက်များစွာကို သိမ်းပိုက်ခဲ့ပြီး သူတို့နဲ့အလွမ်းသင့်တဲ့ စီးပွားရေးသမားတွေကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ ပေးအပ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရ အာဏာရခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်အထိ စစ်အစိုးရ အဆက်ဆက်ဟာ နိုင်ငံပိုင်လုပ်ငန်းတွေကို နှီးစပ်ရာစီးပွားရေးသမားတွေကို လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့က မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာတတိယ အကျင့်ပျက်ချစားမှု အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာအစိုးရအရာရှိတွေမှာ အမြစ်တွယ်နေတဲ့  အဲဒီချစားမှုတွေကို စစ်အစိုးရက ကာကွယ်ပေးခဲ့တယ်လို့ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက သူ့ရဲ့သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို ချီးကျူးပြောဆိုလိုက်ပေမယ့် လာဘ်ပေးလာဘ်ယူမှုကတော့ ပြည်သူလူထုကို ဆင်းရဲတွင်းထဲက မတက်နိုင်စေမယ့် အန္တရာယ်ကို ဖြစ်စေလိမ့်မယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

အကျင့်ပျက် ချစားမှုတွေကို တိုက်ထုတ်နိုင်မှ နိုင်ငံ စီးပွားရေးမြင့်မားမှာပါ။ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေရရှိစေရေး ရင်းနှီးမြုပ်နှံဖို့အတွက် ငွေရေးကြေးရေးအရ ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲမှုကိုလည်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ မြန်မာနိုင်ငံက ဈေးကွက်အသစ်တွေမှာ အမေရိကန် စီးပွားရေး လုပ်ငန်းတွေ ဝင်ရောက် ရင်းနှီးမြုပ်နှံကြခြင်းအားဖြင့် အဆင့် အတန်းမြင့်တဲ့ ငွေကြေးဆိုင်ရာ ထင်သာမြင်သာရှိမှုကို တည်ဆောက်နိုင်လိမ့်မယ်လို့လည်း သူကဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။