အစိုးရနဲ့ ရှမ်းတပ်ဖွဲ့တွေ တိုက်ပွဲ ထပ်မံဖြစ်ပွား
2016.05.18

ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်မကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် SSPP/SSA တပ်တွေ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တပ်တွေ အခြေအနေတင်းမာနေတာ ၄ ရက်လောက်ရှိနေပြီး ဒီနေ့ မနက် ၈ နာရီခွဲလောက်ကစပြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ နမ့်မကျေးရွာနဲ့ ၆ မိုင်အကွာမှာရှိတဲ့ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာက ဦးစိုင်းလှထွေး က ပြောပါတယ်။
"၃၊ ၄ ရက်လောက်ရှိပြီ နှစ်ဖက်စစ်တပ်တွေ တင်းမာနေတာ၊ စဖြစ်တာကတော့ ဒီမနက် ၈ နာရီခွဲလောက်မှာပေါ့၊ တစ်မနက်လုံးပဲ"
ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့လောက်ကလည်း ကျောက်မဲမြို့နယ်က ပန်လော့၊ နမ့်ဝိုင်၊ အက်ကြီး၊ ဟိုမိန်း နဲ့ နောင်ကန်ကျေးရွာတွေအနီးက တောင်ကုန်းတောင်တန်းတွေမှာ အစိုးရတပ်မတော်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ပန်လော့ နဲ့ နောင်ပိန်ကျေးရွာတွေမှာ ဒုက္ခသည် ၈၀၀ ကျော်လောက် ခိုလှုံနေကြရ ပါတယ်။