အစိုးရဆည်က ရေပိတ်ထားလို့ ရွာသားများ သောက်ရေပြတ်


2015.03.15
yazajo-river-305.jpg စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က နေရဉ္ဖရာမြစ် ကို တွေ့ရစဉ်။
Photo: Kyaw That Win ( Facebook )

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က နေရဉ္ဖရာမြစ် မှာ ဆောက်လုပ်ထားတဲ့ ရာဇဂြိုလ်ဆည်က ရေပိတ်လိုက် တာကြောင့် မြစ်ရေခမ်းခြောက်သွားတဲ့အတွက် ဒေသ ခံတွေ သောက်သုံးရေ အခက်အခဲ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ကစပြီး သက်ဆိုင်ရာ က ရေပိတ်လိုက်တာကြောင့် မြစ်ရေမရှိတော့ပဲ  ကလေးမြို့အနီးတဝိုက်က ကျေးရွာတွေမှာ သောက် သုံးရေမရ တာဖြစ်တယ်လို့ အထက်ချင်းတွင်း လူငယ်များ ကွန်ရက်အဖွဲ့ဝင် ကိုကျော်သက်ဝင်းက ပြောပါတယ်။

"မြစ်ရဲ့အနေအထားက ကလေးမြို့နယ်မှာရှိတဲ့မြစ် တစ်မြစ်ဖြစ်ပါတယ်၊ နေရဉ္ဖရာမြစ်ဆိုတာ တကယ့်ကို သမိုင်းအစဉ်အဆက်ရှိခဲ့တဲ့မြစ်ပေါ့၊ ဒါပေမဲ့ ရာဇဂြိုလ်စီမံကိန်းက မပြောမဆိုနဲ့ ရေလှောင်လိုက်တော့ လက်ရှိအနေအထားက အင်မတန် စိုးရိမ်ဖွယ် ခမ်းခြောက်သွားတာ၊ မြစ်အောက်ခြေတွေ အကုန်လုံးပေါ်ပြီးတော့ ငါးတွေအကုန်လုံး သေသွားတာပေါ့၊ သိသိသာသာကိုခန်းသွားတာ၊ ခန်းပြီးတော့ ဒေသခံတွေရေသုံးစွဲဖို့ ကအစ နည်းနည်းခက်ခဲ လာတယ်၊ လမ်းလျှောက်လို့ရတဲ့အထိဖြစ်တာ"

ကလေးမြို့ ဆည်မြောင်းဌာန က ဦးစီးအရာရှိတစ်ဦးကတော့  ရာဇဂြိုလ်ဆည်မှာသတ်မှတ်ထားတဲ့ ရေချိန် ပြည့်မီမှုမရှိ တာကြောင့် ရေပိတ်လိုက်တာဖြစ်ပြီး သောက်သုံးရေ လိုအပ်ချက် ရှိနေတဲ့ ကျေးရွာတွေအတွက် သောက်ရေတွင်းတွေ လိုက်တူးပေးထားတယ်လို့ အာအက်ဖ်အေက မေးမြန်းရာမှာ ပြောပါတယ်။

"တမံက ဒီနှစ်ချောင်းပိတ်တာလေ၊ ရေစလှောင်တော့ ရေကသူလိုချင်တဲ့အဆင့်ကို မရောက်သေးတော့ မိုးတွင်းမှမြစ်ကရေပြန်ရမှာပေါ့၊ မြစ်အောက် ၄၀၀ လောက်က ရေမရတာပေါ့၊ သောက်သုံးရေ အတွက် ချောင်းနားမှာကန်တွေ လိုက်တူးပေးထားတယ်၊ ဒီချိန်ကနဂိုကလဲ ရေမရှိဘူး၊ မိုးတွင်းမှ အဲ့ဒါလည်း မိုးရွာတဲ့အပေါ်မူတည်တယ်၊ မိုးရွာရင် မြစ်ထဲကိုပြန်ဝင်တာပေါ့ "

နေရဉ္ဖရာမြစ်ကမ်းဘေးက ရာဇဂြိုလ်၊ ခုံသာရှေ့၊ ခုံသာနောက်၊ ကံသာ၊ ကံကြီး စတဲ့ကျေး ရွာစုစုပေါင်း ၁၁ ရွာ လောက် ဟာ မြစ်ရေကို မှီခိုနေရတာဖြစ်ပါတယ်။

ရာဇဂြိုလ်ဆည် စီမံကိန်းကနေ လယ်ဧက ၈၅၀၀ ကို ရေပေးဝေမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၄ မဂ္ဂါဝပ် ထုတ်လုပ် မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။