၈ လေးလုံးပြတိုက်ဖြစ်ရေး အစိုးရကူညီမယ်
2016.07.01

၈၈ အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ၈ လေးလုံး သမိုင်းပြတိုက် တရားဝင်ဖြစ်မြောက်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ သဘောတူညီမှုရခဲ့တယ်လို့ ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။
ရှစ်လေးလုံးသမိုင်းပြတိုက်ဟာ ခမ်းခမ်းနားနား ရှိသင့်တဲ့အတွက် ဝန်ကြီးက သဘောတူလက်ခံလိုက် တာဖြစ်တယ်လို့ ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေးကော်မတီဝင် ဦးဂျင်မီ က ပြောပါတယ်။
"ဝန်ကြီးဘက်ကလည်း သဘောတူပါတယ်၊ ရှစ်လေးလုံးဟာ တကယ်တော့ နှစ်ပေါင်းများစွာ ဖျောက်ဖျက် ခံဖို့အတွက် ကြိုးစားခံခဲ့ရတာပေါ့၊ အခုကတော့ ဒီသမိုင်းဟာ အင်မတန်ကြီးမားတဲ့သမိုင်းဖြစ်တယ်ဆိုတာ ဘယ်သူမှဖျောက်ဖျက်လို့မရဘူး၊ တစ်ချိန်မှာ ဒီသမိုင်းအမှန်ဟာ ခမ်းခမ်းနားနားကြီး ရှိရမယ်ဆိုတာကို လည်း ဝန်ကြီးဘက်ကလည်း သဘောတူပါတယ်၊ ဒီအတွက် ကျနော်တို့ ဝန်ကြီးဘက်ကရော၊ ကျနော်တို့ ရှစ်လေးလုံးပြတိုက် ကော်မတီဘက်ကရော သမိုင်းဝင်ပြတိုက်တစ်ခုပေါ့၊ နိုင်ငံတော်အဆင့် ပြတိုက်ကြီး တစ်ခု ပေါ်လာအောင် ကြိုးစားကြမယ်ဆိုတာကိုတော့ ကျနော်တို့ နှစ်ဘက်ကြားမှာ သဘောတူညီ ကြပါတယ်"
ရှစ်လေးလုံးသမိုင်းပြတိုက် တရားဝင်ဖြစ်မြောက်လာဖို့အတွက် အစိုးရဘက်က လိုအပ်တဲ့ အကူအညီတွေနဲ့ ရှစ်လေးလုံး သမိုင်းအမှန်တွေ ဖော်ထုတ်ရေး၊ ပြုစုရေးကိစ္စတွေကို ဝန်ကြီးသူရဦးအောင်ကို ကို တင်ပြခဲ့ တာဖြစ်တယ်လို့ ပြောပါတယ်။
အခုလို သဘောတူညီမှုရရှိပြီးနောက်မှာ အစိုးရပြတိုက်မဟုတ်ဘဲအခြား ပြတိုက်တည်ထောင်ခွင့် ဥပဒေတစ်ခု ထွက်ပေါ်လာဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြိုစားနေတာဖြစ်ပြီး၊ ဥပဒေထွက်လာပါက အစိုးရနဲ့ ပူးပေါင်းပြီး သမိုင်းဝင်ပြတိုက်ဖြစ်အောင် ကြိုးပမ်းသွားမှာဖြစ်မယ်လို့လည်း ပြောပါတယ်။
ရှစ်လေးလုံး သမိုင်းယာယီပြတိုက်ကို ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်း၊ ကျိုက္ကစံအနောက်ရပ်ကွက်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။