ကေအိုင်အေနဲ့ စစ်ရေးတင်းမာ မှု နှစ်ဘက်တွေ့ဆုံရေး စီစဉ်
2015.04.22

ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်အတွင်းမှာ အစိုး ရနဲ့ ကေအိုင်အေတပ်တွေ အကြား လတ်တလော ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဘက် ကိုယ်စား လှယ်တွေ ပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က ဒီလ ကုန်လောက်မှာ အရေးပေါ်အစည်းအဝေးကျင်းပဖို့ စီစဉ်နေပါတယ်။
နှစ်ဘက်စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် အမြန်ဆုံး ညှိနှိုင်းဖြေရှင်းနိုင်ဖို့ စီစဉ်တာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့က ဦးဆန်းအောင် က ပြောပါတယ်။
"ပဋိပက္ခညှိနှိုင်းရေးကို ဒီလအတွင်းပြန်လုပ်မယ်ပေါ့၊ လကုန်ခါနီးပေါ့၊ လက်ရှိ ပဋိပက္ခတွေကများနေတော့ အရေးပေါ်ခေါ်လိုက်တာပါ၊ ဖားကန့်နဲ့ တနိုင်းမြို့နယ် အတွင်းမှာ ပဋိပက္ခပြန်ဖြစ်နေတော့ အစည်းအဝေး ကို ဖြစ်အောင်ပြန်လုပ်လိုက်တာပါ၊ ဒီလမကုန်ခင် ၂၀ ကျော်အတွင်းမှာလုပ်မှာပေါ့"
တနိုင်းမြို့နယ် ကောင်ရာကျေးရွာအနီးမှာ တနိုင်းအခြေစိုက်ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ဒကစ လက်အောက်ခံ ခလရ ၂၃၈ နဲ့ ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တို့အကြားပြီးခဲ့တဲ့ ၂ရက်လောက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀ ကျော်လောက် တနိုင်းမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
ပဋိပက္ခညှိနှိုင်းရေးအဖွဲ့မှာ ကေအိုင်အိုဘက်က ဗိုလ်မှူးကြီးဇော်တောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရ ဘက်က ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် အစည်းအဝေးကို ရပ်နားထားခဲ့ရာ ကနေ ဒီလကုန်မှာ ပြန်လည်တွေ့ဆုံဖို့ စီစဉ်နေတာဖြစ်ပါတယ်။