ကိုးကန့်တပ်မတော်ကို ညီလာခံ မဖိတ်ကြားဖို့ အစိုးရ တားမြစ်
2015.04.15

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့မှာကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသားညီလာခံကို ကိုးကန့်၊ ရခိုင်နဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော်တို့ကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားတယ်လို့ UWSA တာဝန်ရှိ သူတွေက ပြောပါတယ်။
အဲဒီလိုတားမြစ်ထားတာနဲ့ ပတ်သက်ပြီး တိုင်းရင်း သားတွေအကြား ပြန်လည်ညှိနှိုင်းနေတယ်လို့ UWSA ပြောရေးဆို ခွင့်ရှိသူ ဦးအောင်မြင့် က ပြောပါတယ်။
"ညှိနှိုင်းရေးအဖွဲ့ကလည်း ပြန်ညှိနှိုင်းနေပါ တယ်၊ ဆွေးနွေးနေတုန်းပါဘဲ၊ ဘယ်လိုဆုံးဖြတ် မလဲတော့မသိဘူး၊ ပြန်ဆက်သွယ်ပြီးတော့ ပြောလာတာရှိပါတယ်၊ လူကြီးတွေကသိပ်ပြီးတော့ အမြင်မကြည်လင်ဘူး၊ ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စဉ်းစားပေးဖို့ပေါ့နော်"
လာမယ့် မေလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် အဲ့ဒီညီလာခံကို တက်ရောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
အစိုးရက မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA၊ ရခိုင့်တပ်မတော် AA နဲ့ တအာင်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကို မဖိတ်ဖို့ တားမြစ်ထားပေမယ့် UWSA က ဖိတ်စာတွေ ပေးပို့ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီညီလာခံကျင်းပနိုင်ဖို့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော်၊ မိုင်းလားနဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်တို့က စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။