ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်း ပြည်နယ်အစိုးရက ခွင့်ပြုချက်ပေး
2015.09.18

ရခိုင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးဖြစ်လာမယ့် ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အတွက် မြန်မာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီ Myanmar Kyaukphyu Special Economic Zone Holding Public Co,Ltd - MKSH ကုမ္ပဏီကို ပြည်နယ်အစိုးရက ခွင့်ပြုလိုက်ပါတယ်။
ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းဟာ မြေဧကပေါင်း ၁၈၀၀ လောက်မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး ရခိုင်ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ ရည်ရွယ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
"ဧက ၉ဝဝ မှာ စက်ရုံလည်ပတ်မယ်ဆိုရင် အလုပ်သမား အလုပ်အကိုင် အခွင့်အလမ်းတွေရလာ မှာဖြစ်ပါတယ်၊ တကယ်လို့ စီမံကိန်းသည် ပြည့်ပြည့်ဝဝလည်ပတ်ပြီဆိုလို့ရှိရင် ရခိုင်ဒေသအတွက် အလုပ်လက်မဲ့လျော့ချရာမှာ ကိန်းဂဏန်းကြီးကြီးလျော့ချနိုင်မယ့် စက်မှုဇုန်တစ်ခုဖြစ်လာလိမ့်မယ်"
MKSH ကုမ္ပဏီနဲ့ ရခိုင်ပြည်နယ် အစိုးရနဲ့နားလည်မှုစာချွန်လွှာ MOU ကို လက်မှတ်ရေးထိုးကြရာမှာ စက်မှုဇုန်အတွက် ဧက ၉၀၀ မှာ စတင်အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
စီမံကိန်းဧရိယာထဲမှာပါဝင်နေတဲ့ ကျေးရွာနှစ်ရွာရှိပြီး ရွာခံတွေသဘောတူရင် တခြားနေရာတွေကို ပြောင်းရွှေ့ မှာဖြစ်ပြီး သဘောမတူရင်တော့ အဲဒီရွာတွေကို ချန်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းဟာ မြန်မာနိုင်ငံအတွင်း စက်မှုဇုန်စီမံကိန်းတွေထဲက ၂၂ ခုမြောက် စီမံကိန်းတစ်ခုဖြစ် ပြီး MKSH ကုမ္ပဏီက ဒီလမှာပဲ မြေနေရာတိုင်းတာတွေ၊ မြေသားညှိတာတွေကို ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။