သီးနှံလျော်ကြေးရဖို့ ဆောင်ရွက်ပေးမယ်လို့ လွှတ်တော် ကိုယ်စားလှယ် ကတိပေး
2017.09.17

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံလိုက်ရတဲ့ မြေယာတွေက သီးနှံလျော်ကြေး ရရှိဖို့ ဆောင်ရွက်ပေးမယ့်အကြောင်း ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ဒေသခံတောင်သူတွေကို ကတိပေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်နဲ့ ဒေသခံတွေ မနေ့က တွေ့ဆုံစဉ် မှာ ကတိပေးခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အလယ်တောကျေးရွာက မစန္ဒာက ပြောပါတယ်။
"သီးနှံနစ်နာကြေးကိုတော့ပေါ့နော် ခေါင်းစဉ်တမျိုးမျိုးနဲ့ မဖြစ်ဖြစ်အောင်ပေါ့နော် ဒေသခံအတွက် ရအောင်လုပ်ပေးပါမယ်ပေါ့။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့လည်း သူတွေ့ပြီးတော့ သူရအောင် တောင်းပေးမယ့်။ ဝန်ကြီးချုပ်ကမှ လုပ်မပေးဘူးဆိုရင် ပြည်ထောင်စုအဆင့်အထိ သူ့နေ့ရာ၊ သူ့အမတ်နေရာ ပြုတ်ချင် ပြုတ် ပါစေပေါ့နော်။ ပြည်ထောင်စုအဆင့်အထိ ထပ်ပြီးတောင်းဆို ပေးသွားမယ်လို့ သူပြောသွားပါတယ်ရှင်"
အဲဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက တောင်းဆိုတာက လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း အစီရင်ခံစာမှာ ပါတဲ့အတိုင်း အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေး ဖို့၊ သီးနှံနစ်နာကြေးရယ်၊ လယ်ယာမြေဆုံးရှုံးတဲ့သူတွေအတွက် ထောက်ပံ့ကြေးတွေပေးဖို့ ဖြစ်ပါတယ်။
ဝမ်ပေါင်ကုမ္ပဏီက ယာမြေတွေကို ခြံစည်းရိုးခတ်ပြီးတဲ့နောက် ခြံစည်းရိုးထဲမှာ ပါသွားတဲ့ မြေယာ ၁၉၀၀ ဧကအတွက် သီးနှံလျော်ကြေး ၃ နှစ်စာကို တောင်းဆို တာဖြစ်ပါတယ်။
အဲဒီတောင်းဆိုချက် ၃ချက်နဲ့ ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းသွားဖို့ အစီအစဉ်ရှိတယ် လို့လည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်နဲ့ ဒေသခံ အယောက် ၃၀ လောက်ဟာ တုံရွာမ လောကမာန်အောင် ဘုရားဝင်းမှာ မနေ့က တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။