သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ မန္တလေးနှင့် မကွေးမြို့တွင် သစ်ပင်စိုက်ပျိုး

ဒီကနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့နဲ့ မကွေးမြို့တို့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက လူမှုရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။

2012.06.05

မန္တလေးတောင် မြောက်ဘက်၊ ပထမရွှေကျင်ဆရာတော် သီတင်းသုံးခဲ့တဲ့ ဓမ္မိကာရာမ ကျောင်းတိုက်မှာ ကျွန်း၊ ကညင်စတဲ့ သစ်ပင်ပေါင်း (၃၀၀) ကျော်ကို စိမ်းရောင်စိုအဖွဲ့ဝင် ၁၀၀ ကျော်က ဒီကနေ့ စိုက်ပျိုးခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံး၊ သစ်တောနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနတို့က အရာရှိတွေက လိုအပ်တာတွေ ကူညီ ဖြည့်ဆည်းပေးခဲ့ကြောင်း၊ အခုလို စိုက်ပျိုးမှုဟာ စိမ်းရောင်စိုရဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးမှု ပထမအစီအစဉ် ဖြစ်ကြောင်း လည်း အဖွဲ့ ဒုဥက္ကဋ္ဌ ဦးငြိမ်းချမ်းက ပြောပါတယ်။

"၂၀၁၂ ခုနှစ်အတွက် မိုးရာသီ သစ်ပင်စိုက်ပွဲကို ကျွန်တော်တို့ စတာဖြစ်ပြီးတော့ နောင်မှာ တနင်္ဂနွေနေ့ အပတ်တိုင်း ကျွန်တော်တို့က အပင်စိုက်သွားပါမယ်၊ ဒီနှစ်ကိုတော့ အပင် (၁) သောင်းကျော်လောက် လျာထားတယ်ပေါ့လေ။ နောက်ပြီးတော့ ဒီနေ့ဆိုလို့ရှိရင် ကျန်တဲ့ ညီနောင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကျောက်ဆည်က လာတယ်။ တံတားဦးလာတယ်။ နောက် ပုလိပ်ကလာတယ်"

အလားတူပဲ မန္တလေး တောင်သမန်အင်း အနောက်ဘက်ခြမ်း ကန်ပတ်လမ်းတလျှောက်မှာ သဘာဝပတ်ဝန်းကျင် ချစ်သူများကွန်ယက်က ဦးဆောင်ပြီး အဖွဲ့ (၁၂) ဖွဲ့က လူပေါင်း (၁၀၀) ကျော်နဲ့ ပလပ်စတစ်ကောက်သိမ်းတဲ့ လှုပ်ရှားမှုတစ်ခု ုပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကိုတော့ စည်ပင်သာယာဌာနက ကားအပါအဝင် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ကူညီပံ့ပိုပေးခဲ့တယ်လို့ အဖွဲ့က မဖူးပွင့်သင်ဇာဖြိုးက ပြောပါတယ်။

“ပလပ်စတစ်ကောက်ပြီးတော့ အသိပညာပေးတယ်ဆိုတာ လှုံ့ဆော်လိုက်တဲ့ သဘောပေါ့၊ ကျွန်မတို့ တခြားနေရာကနေ ဒီတောင်သမန်အင်းကိုလာပြီးတော့ ပလပ်စတစ် ကောက်ပြတယ်ဆိုတာ ဒီရပ်ရွာက လူတွေက အော် ငါတို့လည်း ဒီဟာတွေ လုပ်သင့်တယ်ဆိုတဲ့ အတွေးမျိုးလေးဝင်အောင် သတိပြုမိအောင်ပေါ့"

မကွေးမြို့မှာတော့ NLD အဖွဲ့ဝင်တွေနဲ့ မြစ်ကွေ့ဧရာလူမှုရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။ ဝေယံဘုံမြင့် ဘုန်းကြီးကျောင်းဝင်းမှာ စိုက်ပျိုးခဲ့တာလို့ မြစ်ကွေ့ဧရာလူမှုရေးအဖွဲ့က ဥပဒေအကြံပေး ဦးတင်အောင်ထွန်းက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြစ်ကွေ့ဧရာလူမှုရေးအဖွဲ့ကို တရားဝင်မှတ်ပုံတင်ပြီး လုပ်ငန်းတွေတိုးချဲ့ဖို့ အဖွဲ့ဝင်တွေ ဒီနေ့ စည်းဝေးဆုံးဖြတ်လိုက်တယ်လို့ ဦးတင်အောင်ထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။