၂၁ ပင်လုံညီလာခံ အောင်မြင် မှာဖြစ်ကြောင်း ဗိုလ်ချုပ် ဂွမ်မော် ပြော
2016.08.31

ဒီနေ့ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်မှာဖြစ်ကြောင်း ကေအိုင်အို ဒုတိယ ဥက္ကဌ(၂) ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော် က ပြောပါတယ်။
နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပမီ ဗိုလ်ချုပ် ဂွမ်မော်က ညီလာခံအပေါ် သဘောထားကို သတင်းမီဒီယာတွေက မေးမြန်းရာမှာ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အဓိကကတော့ ကျနော်တို့ ညီလာခံကို တက်လာရတာက process တွေကို ပိတ်သွားခြင်း မဖြစ်အောင် နောက် တစ်ခုကတော့ အစိုးရကို ဂုဏ်ပြုတာဖြစ်ပါတယ်၊ ၂၁ ရာစု ပင်လုံဟာ ပထမအကြိမ်ဖြစ်တယ်လို့ ကျနော်နားလည် တယ်၊ နောက်ထပ် process တွေ အများကြီး ဒီကနေပေါက်ဖွားလာမယ်လို့ မျှော်လင့်ပါတယ်"
NCA လက်မှတ်မထိုးရသေးတဲ့ AA ၊ MNDAA နဲ့ TNLA အဖွဲ့တွေလည်း နောက်ပိုင်းဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင် မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အခုတစ်ကြိမ်ကျင်းပတဲ့ပွဲဟာ ဖွင့်ပွဲနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေက စာတမ်းတွေ တင်ကြမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချမယ့်ပွဲ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ဒ့ါအပြင် ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား ခဲ့တဲ့ မိန့်ခွန်းအပေါ် သဘောထားကို သတင်းမီဒီယာသမားတွေက မေးမြန်းရာမှာ တပ်မတော်ရဲ့အမြင်ကို ဒီပွဲမှာ ပြော ကြားတဲ့သဘောလို့သာ မှတ်ယူကြောင်းနဲ့ လက်ခံလား လက်မခံဘူးလားဆိုတာ ပြောဖို့မလိုကြောင်း ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး လက်နက်ကိုင်လမ်းစဉ် ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲနဲ့ ဖန်တီးနေတာဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း မိန့်ခွန်းမှာထည့် သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။