ဟားခါးမြို့မှာ မြေပြိုမှုတွေ အခုရက်ပိုင်း ဆက်လက် ဖြစ်ပွား
2015.08.16

ချင်းပြည်နယ်ဟားခါးမြို့မှာ ဒီရက်ပိုင်းအတွင်း ထပ်ပြီးမြေပြိုမှုတွေ ဖြစ်ပွားနေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေအပြင် အနီးအနားက ကျေးရွာတွေနဲ့ပါဆိုရင် စုစုပေါင်း အိမ်ခြေ ၅ဝဝ ကျော် ပြိုကျသွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။
မြို့ဟောင်း၊ ဈေးသစ်၊ ဈေးဟောင်း၊ ပြည်တော်သာ စတဲ့မြို့ပေါ်ရပ်ကွက်တွေအပြင် အဲ့ဒီရပ်ကွက်တွေနား က ကျေးရွာတွေမှာလည်း မြေပြိုနေတာကြောင့် အခုလို ထပ်တိုးလာတာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦတင်မောင်စိုးက ပြောပါတယ်။
"မြို့ဟောင်း၊ ဈေးသစ်၊ ဈေးဟောင်း၊ ပြည်တော်သာရယ်ဗျ အနောက်ဈေးဟောင်းရယ်ပေါ့နော်၊ အဲ့ဒီပတ်ဝန်း ကျင်တွေကတော့ အခြေအနေကတော့ အခုလက်ရှိအနေအထားကတော့ မြေအက်ကြောင်းများတာပေါ့နော်၊ မြို့ပေါ်ကတော့ ၃၇၅ လောက်ပဲရှိတာပေါ့နော်၊ မြို့ပေါ်ကတော့ သိပ်မဆိုးဘူးပေါ့နော်၊ ရွာတွေကတော့ တချို့နေရာတွေ အိမ်ပျက်တာတွေဘာတွေ ၅၁၇ လုံးလောက်ပျက်သွားတာပေါ့လေ၊ ဘေးကတချို့ ပတ်ဝန်းကျင် ကျေးရွာတချို့ပါတာပေါ့လေ"
ဟားခါးနဲ့အနီးတဝိုက် မြေပြိုတာကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ဟာ နှစ်ထောင်နီးပါး ရှိတယ်လို့ ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး တလွန်ကျဲအိုက ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။ လက်ရှိအချိန်မှာ မြေအက်ကြောင်း ဖြစ်ပေါ်နေတဲ့နေရာတွေရှိပြီး မိုးဆက်ပြီးကြီးမယ်ဆိုရင် ဟားခါးမြို့ အနီးတဝိုက်က ကျေးရွာတွေမှာ အန္တရာယ်ရှိလာနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြေပြိုမှုဖြစ်သွားတဲ့နေရာတွေကို ဘူမိဗေဒပညာရှင်တွေက စစ်ဆေးတိုင်းထွာနေပြီး လေ့လာတွေ့ရှိ ချက်တွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ဝ ရက်နေ့လောက်ထဲက ချင်းပြည်နယ်မှာ မိုးအဆက်မပြတ် ရွာခဲ့တာကြောင့် ဟားခါးမြို့မှာ ဇူလိုင်လ ၃ဝ ရက်နေ့မှာ မြေပြိုမှုတွေစတင်ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက် ၅ ခုက အိမ်တွေ ပျက်စီးခဲ့ပါတယ်။ ပျက်စီး သွားတဲ့နေရာက လူတွေအတွက် ဒုက္ခသည်စခန်း ၇ ခု ဖွင့်ထားရပြီး လူငါးထောင်လောက်ခိုလှုံ နေရတယ်လို့သိရပါတယ်။
ဟားခါးမြို့ စတင်တည်ခဲ့တဲ့ မြို့ဟောင်းရပ်ကွက်က အခြေအနေကို အဲ့ဒီမှာ ရောက်နေတဲ့ အာအက်ဖ်အေ သတင်းထောက် ကိုကျော်ထွန်းနိုင်နဲ့ ကိုထက်အာကာတို့က ပေးပို့ထားပြီး ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။