ဗဟိုအဆင့် ဖဲကြိုးပြာ လှုပ်ရှားမှု ဆွေးနွေးပွဲ


2016.08.14
khaingoo-blue-ribbon-620.jpg ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ဖဲကြိုးပြာလှုပ်ရှားမှု ဒုတိယဥက္ကဌ ဦးခိုင်ဦး ကို သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော် Sky Palace ဟိုတယ်မှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ကျန်းမာရေးဝန်ထမ်းတွေကို မသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေမှာ နေရာပြောင်းရွှေ့တာဝန်ပေးတာတွေ မလုပ်ဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခွင့်အလမ်း အပြည့်အဝရရှိဖို့တို့ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်း ၁ဝဝ ကျော်က ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နေပြည်တော်က Sky Palace ဟိုတယ်မှာ ဗဟိုအဆင့် ဖဲကြိုးပြာလှုပ်ရှားမှုဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပခဲ့ပြီး ဒီနေ့ နောက်ဆုံးနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ဗဟိုအဆင့်ဖဲကြိုးပြာလှုပ်ရှားမှုအဖွဲ့ ဒုတိယ ဥက္ကဌ ဦးခိုင်ဦးက ပြောပါတယ်။

"ရာထူးအခွင့်အလမ်းတွေ ကိစ္စပေါ့နော်၊ ပညာရေးအခွင့်အလမ်းများကိစ္စ နောက်တစ်ခါကျတော့ အပြောင်းအရွှေ့ မူဝါဒကိစ္စပေါ့နော်၊ နောက်ဆုံးကတော့ ပြည်သူ့ကျန်းမာရေးကိုလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံးရဲ့ လုပ်ငန်းတွေတချို့ကိစ္စတွေမှာ ဥပဒေအရ အကာအကွယ်ပေးမှုတို့ လိုအပ်တဲ့အချက်တွေရှိပါတယ်၊ အဲ့ဒီတော့ ဥပဒေအရအကာအကွယ်ပေးဖို့ကိစ္စရပ်ဆိုပြီး ကြေညာချက် အနေနဲ့ ထွက်ပေါ်လာခဲ့တာပါ"

အဲ့ဒီတွေ့ဆုံပွဲကို အနယ်နယ်အရပ်ရပ်က ကျန်းမာရေးဝန်ထမ်းတွေ တက်ရောက်ခဲ့ပြီး တောင်းဆိုချက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ တင်ပြတောင်းဆို မှာဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေဟာ လူထုရဲ့အခြေခံကျန်းမာရေးကဏ္ဍကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပေမယ့် အသိအမှတ်ပြုမခံရတာ၊ စီမံခန့်ခွဲမှုလွဲချော်တဲ့ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

လတ်တလောမှာ ပြည်သူ့ကျန်းမာရေးဝန်ထမ်း ၄ဝ ကျော်ကို အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့တာဝန်ပေးတာ၊ ဇူလိုင်လနောက်ဆုံးပတ်က ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတစ်ဦးကို ဆေးခန်းဖွင့်လို့ဆိုပြီး ရဲကဖမ်းဆီးထိန်းသိမ်း ခဲ့တာတွေ ရှိနေတယ်လို့လည်း ဆွေးနွေးပွဲ တက်ရောက်လာသူတွေက ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းမဟုတ်သူတွေကို ကျန်းမာရေးမှူးအဆင့် တာဝန်မပေးဖို့ တောင်းဆိုတဲ့ ဖဲကြိုးပြာ လှုပ်ရှားမှုတွေကို ရန်ကုန်၊  ရခိုင် စတဲ့ တိုင်းနဲ့ပြည်နယ် အတော်များများမှာ ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။