ကျန်းမာရေးမှူး ခန့်အပ်ပုံ ရခိုင်ပြည်နယ် မကျေနပ်


2016.08.06
blue-ribbon-620.jpg စစ်တွေမြို့ အာရီယန်ခန်းမမှာ ရခိုင်ပြည်နယ် မြို့နယ် ၁၆ ခုက ကျန်းမာရေးမှူးတွေ သြဂုတ်လ ၅ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Min Thein Aung/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျန်းမာရေးမှူးသင်တန်းဆင်း မဟုတ်သူတွေကို အစိုးရအနေနဲ့ ကျန်းမာရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေးနေတာတွေကို ရပ်တန့်ပေးဖို့ ရခိုင်ပြည်နယ်က ကျန်းမာရေးမှူးတွေက ဖဲကြိုးပြာ လှုပ်ရှားမှုနဲ့အတူ တောင်းဆိုလိုက်ပါတယ်။

မနေ့က စစ်တွေမြို့ အာရီယန်ခန်းမမှာ ရခိုင်ပြည်နယ် မြို့နယ် ၁၆ ခုက ကျန်းမာရေးမှူးတွေ တွေ့ဆုံဆွေးနွေးပွဲ ကနေ တောင်းဆိုလိုက်တာဖြစ်ပြီး ကန့်ကွက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနရုံး မြို့နယ်ကျန်းမာရေးမှူး ဦးမောင်အေးသာက ပြောပါတယ်။

"ကျန်းမာရေးဝန်ကြီးဌာနက ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုပြီးတော့ နှစ်ဌာနခွဲပြီးတော့ လုပ်တဲ့နေရာမှာ ပြင်လိုက်တာရှိပါတယ်၊ ကျနော်တို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်မှာရှိတဲ့ ဝန်ထမ်းဖွဲ့စည်းပုံအရ ကျန်းမာရေးမှူးဆိုပြီးတော့ ရာထူးနေရာတွေပါပါတယ်၊ ကျန်းမာရေးမှူး ရာထူးနေရာတွေမှာ ကျန်းမာရေးမှူးသင်တန်းမဆင်းဘဲနဲ့ တိုက်ရိုက်ခန့်လိုက်တဲ့အပေါ်မှာ ကျနော်တို့ တောင်းဆိုကန့်ကွက်သွားမှာဖြစ်ပါတယ်"

အစိုးရက ပြီးခဲ့တဲ့လကစပြီး ကျန်းမာရေးမှူးမဟုတ်တဲ့ အခြားဌာနက လစာတူဝန်ထမ်းတွေကို ကျန်းမာရေးမှူး အဆင့်(၂) ရာထူးမှာ ပြောင်းလဲခန့်အပ်ခဲ့တာဟာ ကျန်းမာရေးမှူးပညာရပ် တတ်မြောက်ထားသူတွေအပေါ် လျစ်လျူရှုရာ ရောက်တယ်လို့လည်း အခမ်းအနား တက်ရောက်လာတဲ့ မြို့နယ်ကျန်းမာရေးမှူးတွေက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးမှူး အဆင့်(၂) ဝန်ထမ်း ၄၄ ဦးကို အကျဉ်းဦးစီးဌာနနဲ့ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနကို ပြီးခဲ့တဲ့လက အစိုးရက ပြောင်းလဲတာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးမှူးဘွဲ့ရရှိပြီး အစိုးရက အလုပ်မခန့်ရသေးသူ ၈ဝဝ လောက်ရှိပြီး တချို့ဆိုရင် အလုပ်ပေးအပ်ခြင်းမခံရတာ ၆  နှစ်လောက်အထိ ကြာမြင့်နေပြီဖြစ်ပါတယ်။

အစိုးရအနေနဲ့ ကျန်းမာရေးမှူးမဟုတ်သူတွေကို ကျန်းမာရေးမှူးအဖြစ် ခန့်အပ်နေတာဟာ အမှန်တကယ် ကျန်းမာရေးမှူးပညာကို တတ်မြောက်ထားသူတွေအတွက် နစ်နာစေတယ်လို့လည်း ဆိုပါတယ်။

မနေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့တဲ့ ကျန်းမာရေးမှူးတွေ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ကျန်းမာရေးမှူးတွေ၊ အခြေခံကျန်းမာရေး တက္ကသိုလ်ကနေ ဘွဲ့ရပြီး အစိုးရဌာနမှာ အလုပ်မရသေးသူတွေ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်တွေ ၁၂ဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ကျန်းမာရေးမှူးတွေရဲ့ ဖဲကြိုးပြာလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။