တိုင်းနဲ့ပြည်နယ် ၆ ခုမှာ မိုးကြီးနိုင်


2018.07.13
flooding-sittwe-622.jpg မိုးရွာရေကြီးနေတဲ့ ရပ်ကွက်တခုကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ နောက် ၃ ရက်အထိ  မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ မုတ်သုန်အားကောင်းနေတဲ့အချိန်မှာ လေဖိအားနည်းရပ်ဝန်း ထပ်ဖြစ်တာကြောင့် မိုးကြီးနိုင်တာဖြစ်တယ် လို့ မိုးဇလဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က ပြောပါတယ်။

"မုတ်သုန်က အခုလည်းအားကောင်းနေတယ်။ နောက်ရက်တွေလည်း အားကောင်းဦးမယ်ဆိုတော့ က နောက် ၃၊ ၄ ရက်လောက် အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းတွေက မိုးဆက်ပြီးကြီးဖို့ရှိတယ်။ ၃ လက်မနဲ့အထက်ဆိုရင် မိုးကြီးတယ်လို့ခေါ်တယ်။ လေဖိအားနည်းရပ်ဝန်းကတော့ တွေ့ရပြီ။ အားကောင်းဖို့တော့ မတွေ့ရဘူး။ မုန်တိုင်းငယ်ဖြစ်နိုင်တဲ့အနေထားကို လက်ရှိမှာတော့ မတွေ့ရဘူး။ သူ့ရဲ့သက်ရောက်မှုကြောင့် အားကောင်းတဲ့မုန်တိုင်းက ပိုပြီး အားကောင်းလာတယ်။"

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ရန်ကုန်၊ ကရင်နဲ့ မွန် စတဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါတယ်။

မိုးများတာကြောင့် နောက် ၃ ရက်အတွင်း ငဝန်မြစ်ရေဟာ ငသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တွေအတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်သလို ချင်းတွင်းမြစ်ရေက ဟုမ္မလင်းမြို့အတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင် တယ်လို့လည်း သိရပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပြီး အမြင့်ပေ ၈ ပေကနေ ၁၁ ပေလောက်အထိ မြင့်တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။