ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှု သံသယရှိသူတစ်ဦး တိုင်းရဲတပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်လာ

ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိခံရသူတစ်ဦးကို တိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ ဟသာၤတမြို့ခံ မျက်မြင်သက်သေတွေက ပြောဆိုကြပါတယ်။

2012.05.14
police_members_305px ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: AFP

သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ၊ သိမ်းဆည်းထားရာ နေရာတွေကို လိုက်လံပြသခိုင်းတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဟင်္သာတမြို့ ဓမ္မဗိမာန်ကျောင်းဝင်းအတွင်း ဝှက်ထားတဲ့နေရာကို လိုက်လံပြသခိုင်းတာဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက အခုလို ပြောပြပါတယ်။

" မြင်တွေ့တော့နေရတယ်။ တရားခံကို လက်ထိပ်ခတ်ခေါ်လာတယ်။ ကိုက် ၅၀ အကွာလောက်မှာ။ ရယက ဥက္ကဋ္ဌအပြောက တိုင်းကလို့ပြောတယ်။ သူတို့က အဲဒီတရားခံကိုခေါ်လာတာ။ ခေါ်လာပြီးတော့ အဲဒီမှာ သရုပ်ပြတွေ ဘာတွေရော၊ သူ့ရဲ့ ညဘက်ကျော်တက် ဖောက်တာတွေရော၊ အုတ်တံတိုင်းကျော်တာတွေ ပြတာ။ ကြောက်တာလည်းပါတယ်။ သွားကိုမကပ်ရဲဘူး။ လာတဲ့ လူတွေကိုလည်း လူစိမ်းတွေဖြစ်နေတော့ သွားပြီးတော့ မမေးမြန်း၊ မစပ်စုရဲဘူး"

မတ်လအတွင်းက ဟင်္သတာမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကြေးနန်းနဲ့စာတိုက် တာဝန်ရှိသူနဲ့ ဆက်သွယ်ရေးဌာနက တာဝန်ရှိသူတစ်ဦးအပါအဝင် ဟင်္သတာမြို့ခံ ၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နေ့က သံသယရှိသူတစ်ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထိုင်းရဲရဲ့အကူအညီနဲ့ ပြန်လည်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ကြားသိရပေမဲ့ အာဏာပိုင်တွေက တိတိကျကျ သတင်းထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ဒေသခံ နောက်တစ်ဦးက အခုလို ပြောပါတယ်။

" မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲမှာ ဗုံးခွဲသွားတဲ့လူကို ယိုးဒယားရဲကနေ ဖမ်းပေးတယ်ဆိုပြီးတော့ သတင်းကြိုရတယ်။ ရပြီးတော့ မနေ့က ကျွန်တော်တို့ ဒီကိုခေါ်လာမယ်ဆိုပြီးတော့ အားလုံးနားစွင့်နေကြတာပါ့ဗျာ။ တိုင်းရဲတပ်ဖွဲ့မှူးက ဦးမျိုးသန်း၊ သူတို့ဦးဆောင်ပြီးတော့ လူအင်အား ၁၈ ယောက်လောက်နဲ့လာတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ အများပြည်သူ ထင်သာမြင်သာရှိအောင်လည်း မပြောခဲ့ဘူး။ ဒေသအာဏာပိုင် အချင်းချင်းကလည်း တိကျပြတ်သားတဲ့ အဖြေမျိုးကို ကျွန်တော်တို့ကို မပြောနိုင်ဘူး။ ဘာဖြစ်လို့ ဒါကို ကျွန်တော်တို့က အဲလိုပြောရလဲဆိုတော့ လူက ဒီဗုံးဖောက်တဲ့ တရားခံနာမည်က သတင်းက နှစ်မျိုးထွက်တာကိုး၊ ဒီတရားခံတကယ် ဟုတ်လို့လား၊ ဘယ်လိုပုံစံမျိုးလဲ။ ဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးကတော့ သိချင်နေတာပေါ့လေ"

ဒီဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးမိသူဟာ တရားခံအစစ် ဟုတ်မဟုတ် အသေအချာ မသိရသေးကြောင်းနဲ့ သံသရှိသူကိုတော့ တိုင်းရဲတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဟင်္သတာခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝေနဲ့ ဟင်္သာတရဲစခန်းတို့ကို RFA ကဖုန်းဆက် စုံစမ်းမေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။