ဟင်္သာတမှာ လယ်သိမ်းခံတောင် သူတွေ ဆန္ဒပြ


2015.10.14
farmers-protest-hinthada-620.jpg လယ်သိမ်းခံတောင်သူတွေ အောက်တိုဘာလ ၁၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ်မြို့နယ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Wai Yan Moe Myint/ RFA

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာက မြစ်ရေတင်စီမံကိန်း အတွက်ဆိုပြီး လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၅ဝဝ ကျော် အတွက် လျှော်ကြေးပေးဖို့ ဒေသခံတောင်သူ ၈ဝ လောက်က ဒီနေ့ ဟင်္သာတမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီအချိန်က လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦး ဧရာဝတီတိုင်းမှူးအဖြစ် တာဝန်ယူခဲ့စဉ်က သိမ်းဆည်းခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

လျော်ကြေးပေးဖို့အတွက် တောင်းဆိုနေတာကို ဖြေရှင်းမပေးတာကြောင့် ဆန္ဒပြတာ ဖြစ်တယ်လို့ ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာက တောင်သူ ဦးပြည်ငြိမ်းအောင် က ပြောပါတယ်။

"၂ဝဝ၃ ခုနှစ်က ဧရာဝတီတိုင်းမှူးဗိုလ်ချုပ် ဌေးဦးပေါ့၊ အဲ့ချိန်မှာ စပြီးတော့အကောင် မထည်ဖော်တာ၊ အခုလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးပေါ့၊ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့ထိ ၁၂ နှစ်ကြာ ဆုံးရှုံးနစ်နာသွားတဲ့ လယ်သမားမိသားစုဟာ ၆ဝ၅ ဦးရှိတယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးထံကို ကျနော်တို့ အကြောင်းကြားစာပေးပို့ထား ပါတယ်၊ အခုချိန်ထိဘာမှ ပြန်ကြားမှုမရှိသေးပါဘူး"

အဲ့ဒီမြစ်ရေတင် စီမံကိန်းဟာ ပြီးခဲ့တဲ့၂ဝ၁ဝ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ပြီး အခုထိအကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ဆန္ဒပြသူတွေက ဟင်္သာတမြို့နယ် ရေဘေးဒဏ်ခံခဲ့ရစဉ်က အလှူရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေကို ရောင်းချခဲ့တယ်ဆိုပြီး မြို့ခံ ၈ ဦးကို မြို့နယ်တရားရုံး မှာ တရားစွဲဆိုထားတာကို မြို့နယ်တရားသူကြီးက အာမခံပေးလိုက်တာကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မြို့နယ် တရားသူကြီးက သူ့အနေနဲ့ အာမခံပေးခွင့်မရှိမှန်းသိပေမယ့် သူ့ရဲ့ဆင်ခြင်တုံ တရားနဲ့ အာမခံပေးလိုက်တာလို့ RFA ကို ပြောပါတယ်။

ဆန္ဒပြပွဲကို မြို့ကွင်းကျေးရွာက လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ တောင်သူတွေ၊ လယ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ ဟင်္သာတဒေသခံတွေ ပါဝင်ခဲ့ပြီး တရား ဥပဒေစိုးမိုးရေးရှိဖို့၊ အဂတိလိုက်စားသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။