ဟင်္သာတခရိုင် ရေဘေးသင့်ရွာများ မဲစာရင်း ရှေ့လ ၄ ရက်နေ့ ထုတ်မည်
2015.09.16

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းက ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာအုပ်စု ၁၀၀ နီးပါးအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ စတင်ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။
အဲဒီကျေးရွာတွေဟာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြေညာရ မယ့်အချိန်မှာ မဲစာရင်းကြေညာဖို့ အခက်အခဲရှိတဲ့အတွက် ကြေညာမယ့်ရက်ကို နောက်ဆုတ်လိုက်တာဖြစ်တယ်လို့ ဟသာၤတခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင်က ပြောပါတယ်။
"အဲဒီရွာတွေက ဧရာဝတီမြစ်ကမ်းနားဘေးမှာရှိတယ်၊ တာအပြင်ကရွာတွေဖြစ်တယ်၊ ရေကြီးရင် အဲ့ရွာတွေက ရေမြုပ်တယ်၊ ဒီနှစ်က ပိုရေကြီးတဲ့အတွက် အခက်အခဲတွေရှိတယ်၊ မဲစာရင်းကလည်း ၁၄ ရက်နေ့ကိုကပ်ပါ၊ ဒါပေမဲ့ ရေကြီးနေလို့ အခက်အခဲရှိရင်တော့ နောက်ပိုင်းကျမှ ကပ်လို့ရတယ်ပြောတယ်၊ အဲဒီ့မြို့နယ် ၄ ခုမှာရှိတဲ့ ကျေးရွာအုပ်စုတွေက ၁ဝ လပိုင်း ၄ ရက်ဆိုတော့ နှစ်ပတ်လောက်တော့ကြာမယ်"
ဟသာၤတခရိုင်အတွင်းက ဟင်္သာတ၊ ဇလွန်၊ မြန်အောင် နဲ့ အင်္ဂပူမြို့နယ်တွေက ကျေးရွာတွေ ဖြစ်ပါတယ်။
ဟင်္သာတမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စု ၂၂ စု၊ ဇလွန်မြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စု ၂၆ စု၊ မြန်အောင်မြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စု ၆ စု၊ အင်္ဂပူမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စု ၃၄ စု တွေက မဲစာရင်းတွေကို နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။
ဟင်္သာတမြို့ပေါ်ရပ်ကွက်တွေမှာတော့ မဲစာရင်းတွေကို မနေ့ကစတင်ပြီး ထုတ်ပြန်ကြေညာထားပေမယ့် ကြည့်ရှုစစ်ဆေးသူ နည်းနေပါသေးတယ်။
ဟင်္သာတခရိုင်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော်ရှိပြီး ဧရာဝတီတိုင်းတစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ လေး ဒဿမ သုံးသန်း (၄၃သိန်း) ကျော် ရှိပါတယ်။