ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပြဌာန်းနိုင်ရေး သူရ ဦးရွှေမန်း တိုက်တွန်း
2014.01.22

ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းတဲ့ "ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်း" ကို အမြန်ဆုံး ပြဌာန်းနိုင်အောင် ကြိုးစားဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
အဲ့ဒီဥပဒေကြမ်းကို မပြဌာန်းနိုင်ရင် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ ပါတယ်။
ဒီ ဥပဒေပြဌာန်းနိုင်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေနဲ့ ဘဏ်လုပ်ငန်းတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင် မှာ ဖြစ်တာကြောင့် ပြည်သူ့လွှတ်တော်က ပြင်ဆင်ရေးဆွဲအတည်ပြုပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကလည်း ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
“ဒီဥပဒေဟာဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများအတွက် ငွေးကြေး ဆိုင်ရာ အာမခံချက်တစ်ရပ် ဖြစ်လာမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေးစနစ် ပိုမိုတိုးတက် ခိုင်မာစေရန်အတွက် အထောက်အကူပြုတဲ့ နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီအောင် ပြုစုရေးဆွဲ ထားသော ဥပဒေဖြစ်ပါသဖြင့် ပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်ရေး တင်ပြအပ်ပါကြောင်းနဲ့ ပြည်သူ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်”
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွေကို ဥပဒေအဖြစ် မပြဌာန်းနိုင်ရင် ငွေကြေးနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူခံရနိုင်တာကြောင့် လာမယ့် ဖေဖော်ဝါရီလ ပထမအပတ်မှာ နောက်ဆုံးထားပြီး ဥပဒေတွေအဖြစ် ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဆီကို ပြီးခဲ့တဲ့ ရက်ပိုင်းက စာရေးသားပေးပို့ထားပါတယ်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဒီနေ့ သဘောတူလိုက်ပါတယ်။