အိမ်အကူတွေကို မှတ်ပုံတင်ပြီးမှ ခန့်ထားရေးအဆို ဆွေးနွေး ဖို့ ပြည်သူ့လွှတ်တေ်ာ အတည်ပြု


2016.11.17
ayemyamyamyo-620 ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
.

အိမ်အကူအလုပ်သမားများ အပါအဝင် အလုပ်သမားများ ခန့်ထားရာမှာ ပြဌာန်းထားတဲ့ နည်းဥပဒေများနဲ့အညီ အလုပ်သမားမှတ်ပုံတင်ထားပြီးမှ ခန့်ထားဖို့နဲ့ အလုပ်ရှင်များမှ အလုပ်သမားများကို ဥပဒေမဲ့လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ်တားဆီးပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ကျင်းပ တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားဥပဒေနဲ့ ကလေးသူငယ်ဥပဒေတွေ ပြဌာန်းထားပေမယ့် ဥပဒေကို လိုက်နာမှု အားနည်းပြီး အလုပ်ရှင်နဲ့ အလုပ်သမားပြသနာတွေဖြစ်ပွားတာကြောင့် အဆိုကိုတင်သွင်းရ တာဖြစ်ကြောင်း ကျောက်တန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ပြောပါတယ်။

"အိမ်အကူ အပါအဝင် အလုပ်သမားတွေ ခန့်ထားရာမှာ မှတ်ပုံတင်ထားခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ ပူူးပေါင်းပြီးတော့ လုပ်ငန်းခွင် အခြေအနေကို ပုံမှန်စစ်ဆေး ပြီးတော့ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့အတွက် တည့်မတ်ပေးရန် အရေးတကြီး လိုအပ်နေတဲ့ အတွက် ဒီအဆိုကို တင်သွင်း ရခြင်းဖြစ်ပါတယ်ရှင်"

မဘိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်က မြန်မာနိုင်ငံအတွင်းမှာ အင်းဝအပ်ချုပ်ဆိုင် အမှုတွေလို လူတွေမသိတဲ့ကိစ္စတွေ များစွာရှိနိုင်ကြောင်း၊ အလုပ်သမားဦးစီးဌာနအနေနဲ့ အလုပ်သမားမှတ်ပုံတဲ့ လုပ်ငန်းကို ထိထိရောက်ရောက်လုပ်ကိုင်ပေးဖို့ လိုအပ်ကြောင်း ထောက်ခံဆွေးနွေးသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပြဌာန်းထားတဲ့ အနည်းဆုံးအခကြေးငွေဥပဒေမှာ အိမ်အကူအလုပ်သမားတွေအတွက် ထည့်သွင်းထားပေမယ့် အိမ်အကူအလုပ်သမားတွေကို သီးသန့်အကာအကွယ်ပေးမယ့် ဥပဒေစည်မျဉ်း စည်းကမ်းတွေမရှိကြောင်းနဲ့ ပြည်တွင်းအိမ်အကူလုပ်ငန်းတွေအတွက် တရားဝင်မှတ်ပုံတင်ထားတဲ့ အိမ်အကူူရှာဖွေရေးအေဂျင်စီတွေလည်း မရှိကြောင်း ဒေါ်အေးမြမြမျိုး က ထည့်သွင်းပြောဆိုသွားပါတယ်။

မြန်မနိုင်ငံမှာ ဥပဒေတွေရဲ့ အားနည်းချက်ကြောင့် အသက်မပြည့်တဲ့ အိမ်အကူတွေကို အလုပ်ရှင်နဲ့ အိမ်ရှင်တွေက ညှဉ်ပန်းနှိပ်စက်မှုတွေ မကြာခဏဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဒေါ်အေးမြမြမျိုးတင်သွင်းတဲ့အဆိုကို ဆွေးနွေးမယ့်ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန် နောက်ဆုံး စာရင်းပေး ပို့ရမှာကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။