မိတ္ထီလာမှာ လူ့အခွင့်အရေး ဆွေးနွေး
2011.08.09

ံHRDP
ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက်တွေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လူ့အခွင့်အရေးဆိုင်ရာ ဖော်ပြချက်တွေကို အဓိကထားပြီး ဆွေးနွေး ခဲ့တယ်လို့ သွားရောက် ဟောပြောခဲ့သူ HRDP ကွန်ရက်အဖွဲ့က တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးကျော်လွင်က ပြောပါတယ်။
“လက်ရှိ သင်တန်းကတော့ အထူးသဖြင့် လူ့အခွင့်အရေး ကြေညာ စာတမ်း ၁၃/၂၀ အချက်ရယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားနဲ့ နိုင်ငံသား ဆိုင်ရာ အခွင့်အရေးရယ်။ အားလုံးကို ဘယ်လို တောင်းယူရမယ် ဘယ်လို လိုက်နာရမယ် ဆိုတာကို ဆွေးနွေး ပေးတာပါ”
ဒီဆွေးနွေးပွဲကို ရမည်းသင်း၊ တပ်ကုန်း၊ လယ်ဝေး၊ ဝမ်းတွင်း၊ မြင်းခြံ၊ သာစည် စတဲ့ မြို့နယ်တွေက လူ့အခွင့်အရေး တက်ကြွသူ ၂၅ ဦးလောက် တက်ရောက်ခဲ့ကြပြီး၊ အာဏာပိုင်တွေ ဘက်က တားဆီး နှောင့်ယှက်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။
HRDP လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက်အဖွဲ့ အနေနဲ့ အခုနှစ်အတွင်း အသိပညာ ပေးရေး လုပ်ငန်းတွေကို ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဆောင်ရွက်ခဲ့ပြီး၊ မကြာခင် မကွေးတိုင်း မှာ ဆက်လက် တိုးချဲ့ ဆောင်ရွက် သွားမယ်လို့ ကွန်ရက် ခေါင်းဆောင် တဦး ဖြစ်သူ ဦးမောင်မောင်လေးက ပြောပါတယ်။
“လောလောဆယ် ၂၀၁၁ ခုနှစ်ထဲမှာ ဧရာဝတီတိုင်း ၁၈ မြို့နယ်မှာ လူ့အခွင့်အရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီးပါပြီ။ မန္တလေးတိုင်း ၈ မြို့နယ်၊ မနေ့ကဆိုရင် ကိုကျော်လွင်တို့ ထပ်သွားတာဟာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ပဲခူး အနောက်ပိုင်းမှာ လုပ်တယ်။ ၂၀၁၁ ခုနှစ်ထဲမှာ ပြည်နယ်နဲ့ တိုင်း ၃ ခုလုပ်ခဲ့ပြီးပါပြီ။ မကြာခင်မှာ မကွေးတိုင်း မှာ သွားရောက်ပြီး ဆွေးနွေးပွဲတွေ လုပ်တော့မှာပါ”
HRDP လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက်အဖွဲ့ကို ၂၀၀၁ ခုနှစ်အတွင်း လူ့အခွင့်အရေး စောင့်ရှောက်သူများ အဖွဲ့ အမည်နဲ့ စတင် ထူထောင် ခဲ့ပါတယ်။၂၀၀၆ ခုနှစ်မှာ HRDP အဖြစ် ပြောင်းလဲ ခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း လူ့အခွင့်အရေး ဆိုင်ရာ စည်းရုံး ဟောပြော မှုတွေကြောင့် HRDP အဖွဲ့ဝင် ၄၂ ဦး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီး၊ ခေါင်းဆောင် တဦး ဖြစ်သူ ရှေ့နေ ဦးမြင့်အေး အပါအဝင် ၂၆ ဦး ထောင်ချ ခံထားရစဲ ဖြစ်ပါတယ်။
HRDP အဖွဲ့နဲ့ ခေါင်းဆောင် ဦးမောင်မောင်လေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင် နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |