ဆီဆိုင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း PNLA ပြော

RFA Burmese
2024.04.02
ဆီဆိုင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း PNLA ပြော တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သည့် ဆီဆိုင်မြို့မဈေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
Facebook/ Khun Phyoelay

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ မနေ့ကအထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲပဲလို့ PNLA ပြောခွင့်ရ ခွန်ရိမ်းယံက RFA ကို ဧပြီလ ၂ ရက်နေ့ မနက်က ပြောပါတယ်။

“ဆီဆိုင်အခြေအနေက စစ်ဇုန်အတွင်းမှာ ကျရောက်နေတယ်လို့ ပြောလို့ရပါတယ်။ စစ်ကောင်စီဘက်က မြို့ကို ပစ်ခတ်ဖျက်ဆီးပြီး ဝင်လာတာမှာ မြို့မြောက်ဘက်အခြမ်းမှာတော့ သူတို့ဝင်ရောက်နိုင်တဲ့ အခြေအနေ ရှိပါတယ်”

မတ်လ ၃၁ ရက်နေ့လောက်ကစလို့ စစ်ကောင်စီတပ်က မြို့ရဲ့ တစ်ဝက်လောက်မှာ နေရာယူထိန်းချုပ်ထားပြီး ကျန်တစ်ဝက်လောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဆိုပါတယ်။

လတ်တလောမှာ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တာကြောင့် မြို့ခံတွေ နေရပ်ပြန်မလာကြဖို့ PNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မတ်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်ကတည်းက PNLA ထိန်းချုပ်ခဲ့တဲ့ ဆီဆိုင်မြို့ကို ထိုးစစ်ဆင်ပြီး မတ်လ ၂၅ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

PNLA အဖွဲ့ကတော့ ဆီဆိုင်မြို့ဟာ လက်ရှိအချိန်အထိ စစ်ပွဲဇုန်အတွင်းမှာ ရှိနေဆဲပဲလို့ ပြောပါတယ်။

တိုက်ပွဲကာလအတွင်း ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ် ငါးရာနီးပါးပျက်စီးခဲ့ရသလို အရပ်သား ၅၃ ဦး သေဆုံးပြီး ၆၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။