ထန်းကုန်းရွာ အကြမ်းဖက်မှု ပါဝင်သူ ၄ ဦးကို တရားစွဲ


2013.09.08
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ညက စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအပြီး နေအိမ်အချို့ မီးလောင်ပျက်စီးနေစဉ်
Photo: RFA

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက ၄ ဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမှုတွေနဲ့ စွဲချက်တင်လိုက်ပြီး ၆ ဦး ကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

စွဲချက်တင်ခံရသူလေးဦးဟာ အုတ်ဖိုရွာက ကိုမင်းလွင်၊ ကိုအောင်ကြီး၊ ကိုကျော်နိုင်ဦးနဲ့ ထန်းတောရွာက ကိုခင်မောင်ထူးတို့ ဖြစ်ကြပါတယ်။

သူတို့ကို ကန့်ဘလူမြို့နယ် တရားရုံးက စွဲချက်တင်လိုက် တာဖြစ်တယ်လို့ ရွှေဘိုခရိုင်ရဲမှူးကြီး ဦးအုန်းလှိုင် က ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်သူ ၆ ဦးဟာ အုတ်ဖိုရွာသား ၃ ဦး၊ အင်ဘက်တောရွာသား၂ ဦးနဲ့ ရေကြည်ရွာက ၁ ဦးတို့ ဖြစ်ကြပြီး သူတို့ကို ပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေး လိုက်တာဖြစ်ပါတယ်။

သူတို့ကို သြဂုတ်လ ၂၅ ရက်နေ့က ဖမ်းဆီးလိုက် တာဖြစ်ပြီး ပထမဖမ်းဆီးချိန်က ၁၁ ဦးဖြစ်ပါတယ်။

အဲ့ဒီဖမ်းထားသူတွေထဲက အုတ်ဖိုရွာသား ကိုဆန်းချို ၃၂ နှစ်ဟာ သြဂုတ်လ ၂၈ ရက်နေ့က ဝမ်းလျှောပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိထန်းကုန်းရွာနဲ့ ပတ်ဝန်းကျင်ဒေသက အခြေအနေနဲ့ လုံခြုံရေးဆောင်ရွက်မှု အနေအထားများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အခြေအနေ စတာတွေကို ထန်းကုန်းရွာမှာ လာရောက်ဆောင်ရွက်နေတဲ့ ရွှေဘိုခရိုင် ရဲမှူးကြီး ဦးအုန်းလှိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။