လူ့အခွင့်ရေးကော်မရှင် ပြုပြင်ဖွဲ့စည်းဖို့ လူထုအဖွဲ့တွေ တိုက်တွန်း
2016.05.06

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဥပဒေရေးရာပိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို အရပ်ဘက် လူထုအဖွဲ့အစည်းပေါင်း ၁၁၁ ဖွဲ့က ထောက်ခံလက်မှတ်ရေးထိုးပြီး ၂ဝ၁၆ ခုနှစ် မေလ ၃ ရက်နေ့စွဲနဲ့ ပေးပို့ခဲ့ပါတယ်။
လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ပြုပြင်ဖွဲ့စည်းဖို့နဲ့ အဲ့ဒီလိုဖွဲ့စည်းတဲ့အခါ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ ပြည်သူ လူထုရဲ့ အကြံဉာဏ်တွေကိုယူဖို့ စာထဲမှာတိုက်တွန်းထားတယ်လို့ စာပေးပို့တဲ့ အဖွဲ့အစည်းတွေထဲမှာပါတဲ့ ညီမျှခြင်းမြန်မာ အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။
"မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ပြင်သစ် မူဝါဒနဲ့အညီ ဖွဲ့စည်းဖို့လိုအပ်တယ်၊ တကယ်လို့ များ ပြန်လည် ဖွဲ့စည်းမယ်ဆိုလို့ရှိရင် ဒီအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေရဲ့ တိုင်ပင်မှုတွေ၊ အကြံပေးမှုတွေနဲ့အညီ သမ္မတအနေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုတာကို တိုက်တွန်းတဲ့စာလေးပဲဖြစ်ပါတယ်ခင်ဗျ၊ ကျနော်တို့ လက်ရှိလူ့အခွင့်အရေးကော်မရှင်မှာဆိုလို့ ရှိရင် ကော်မရှင်တွေရွေးချယ်တဲ့အခါမှာ ဘာမှကျနော်တို့နဲ့ ပတ်သက်ပြီးတော့ တိုင်ပင်မှုတွေမရှိဘူး၊ အဲ့ဒါတွေကြောင့်မို့လို့ လုပ်ငန်းအားနည်းတယ်လို့ ထောက်ပြတဲ့ အချက်တွေလည်းရှိတယ်၊ ပြန်လည် ဖွဲ့စည်းလို့ရှိရင် ပိုမိုအားကောင်းမယ့်အရာဖြစ်မယ်၊ လူထုကလေးစားပြီးတော့ တကယ်အားကိုးတဲ့ လူ့အခွင့်အရေးကော်မရှင်တစ်ရပ် ဖြစ်မယ်ဆိုတဲ့အကြောင်းလေးနဲ့ ဒီနေ့ ကျနော်တို့ တိုက်တွန်းတာဖြစ်ပါတယ်"
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လက်ရှိအခြေအနေဟာ အားနည်းချက်တွေနဲ့ ပြည့်နှက်နေ သလို လက်တွေ့အကျိုးသက်ရောက်မှု အနည်းငယ်သာရှိကြောင်းနဲ့ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရ သူများအတွက် တရားမျှတမှုဖော်ဆောင်ပေးနိုင်တဲ့ အနေအထားမရှိဘဲဖြစ်နေပါတယ်၊ ဒါ့ကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဥပဒေရေးရာ ပိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲတွေ ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ယုံကြည်တယ်လို့ ပေးစာမှာ ဖော်ပြထားပါတယ်။