ကျောင်းသင်ရိုးတွေထဲ လူ့အခွင့်အရေး အသိပညာပေးထည့်ဖို့ တိုက်တွန်း

2020.12.03
ကျောင်းသင်ရိုးတွေထဲ လူ့အခွင့်အရေး အသိပညာပေးထည့်ဖို့ တိုက်တွန်း ရန်ကုန်မြို့၊ အလုံမြို့နယ် အ.ထ.က (၄) ကျောင်းက ကျောင်းသူကျောင်းသားတွေကို ၂ဝ၂ဝ ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ကျောင်းသင်ရိုးညွှန်တမ်းတွေမှာ လူ့အခွင့်အရေး အသိပညာပေးတာတွေပါ ထည့်သွင်းပေးဖို့အပြင် အခြားသောနည်းလမ်းမျိုးစုံနဲ့ စနစ်တကျလုပ်ဆောင်သွားဖို့ လူ့အခွင့်အရေးပညာပေးသူများကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ တစ်နိုင်ငံလုံးက လူ့အခွင့်အရေး ပညာပေးသူတွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နှစ်ရာကျော်တက်ရောက် ဆွေးနွေးခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေးအွန်လိုင်း ညီလာခံကနေ ဒီအချက်တွေအပါအဝင် ငါးချက်ကို ပြင်ဆင်ချမှတ်ခဲ့တာပါ။

လူ့အခွင့်အရေးပညာပေးအစီအစဉ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စနစ်တကျထိရောက်စွာ လုပ်ဆောင်ဖို့၊ အစိုးရနဲ့ ဒေသခံတွင်းမှာရှိတဲ့ အာဏာရှိ အခြားအဖွဲ့တွေ လူ့အခွင့်အရေး တာဝန်ယူမှု တာဝန်ခံမှုရှိလာစေဖို့အတွက် ပညာပေးတဲ့နည်းလမ်းကတဆင့် တောင်းဆို လှုပ်ရှားတာတွေကို ပံ့ပိုးကူညီဖို့၊ အရည်အချင်းပြည့်မီတဲ့ လူ့အခွင့်အရေးနည်းပြတွေ ပေါ်ပေါက်လာဖို့၊ ကျောင်းသင်ရိုးညွန်းတမ်းမှာ ပြဌာန်းထားတဲ့ လူ့အခွင့်အရေးပညာပေးမှုတွေကို ထိရောက်စွာ သင်ကြားနိုင်ရေး ဆောင်ရွက်ဖို့နဲ့ လူ့အခွင့်အရေး ပညာပေးတာတွေကို နိုင်ငံပိုင်မီဒီယာတွေကနေတဆင့် လုပ်ဆောင်ဖို့ စည်းရုံးလှုံ့ဆော်ဖို့ စတဲ့အချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီလုပ်ငန်းစဉ်တွေ အောင်မြင်အောင်လုပ်နိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ဒေသခံတာဝန်ခံ ၂၈ ယောက်ကိုရွေးချယ်ခဲ့သလို ဦးဆောင်ကော်မတီဝင် ခုနှစ်ယောက်နဲ့ အရံ နှစ်ယောက်ကိုလည်း ရွေးချယ်တင်မြှောက်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းဖို့အတွက် ပြည်တွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရအာဏာပိုင်တွေ၊ ဒေသတွင်းအာဏာရှိအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။