သတင်းထောက်ဖမ်းဆီးမှု ပြည်ပအစိုးရနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်


2017.12.13
reuters-reporters-622.jpeg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို တွေ့ရစဉ်
Photo: MPA and Min Thein Aung/RFA

ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့က ရန်ကုန်မြို့မှာ အင်္ဂါနေ့ညက ဖမ်းဆီးလိုက်ပြီး အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ အခု အမှုဖွင့်ထားပါတယ်။ အဲဒီ သတင်းထောက် နှစ်ဦးဟာ ရခိုင်ပြည်နယ် မောင်တောဒေသမှာ တာဝန်ထမ်းဆောင်ပြီး ရန်ကုန်မြို့ကိုပြန်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံကနေ လုံခြုံရေးအရ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို တရားမဝင်ရယူခဲ့ကြတယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။ ဒီကိစ္စမှာပါဝင်တဲ့ ဒုတိယ ရဲမှူးတဦးနဲ့ တပ်ကြပ်ကြီးတဦး တို့ကိုလည်း အရေးယူထားတယ်လို့ ဆိုပါတယ်။  အစိုးရပြောခွင့်ရှိသူ ဦးဇော်ဌေး က သတင်းထောက်တွေကိုသာမက ဒီအမှုမှာပါဝင်ပတ်သက်တဲ့ ရဲတွေကိုပါ ဖမ်းဆီးထားကြောင်း အတည်ြ့ပုပြောဆိုတယ်လို့လည်း သိရပါတယ်။

အဲဒီ ရိုက်တာသတင်းထောက် နှစ်ဦးကို ရဲအရာရှိတွေက ညစာဖိတ်ကျွေးခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ခဲ့ရာမှာ သတင်းထောက် နှစ်ဦးကို ပုံမှန်နည်းနဲ့ မဟုတ်ဘဲ အခုလို ရဲအရာရှိတွေက ဖိတ်ကြားပြီး ဖမ်းဆီးခဲ့မှုအတွက် များစွာစိုးရိမ်ပူပန်ကြောင်းနဲ့ ဒီမိုကရေစီအောင်မြင်ရေးအတွက် သတင်းထောက်တွေအနေနဲ့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရဖို့ လိုအပ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားဖု့ိနဲ့ အဲဒီ ဖမ်းဆီးခံ သတင်းထောက်တွေကို သက်ဆိုင်သူတွေနဲ့ အလျင်အမြန် တွေ့ခွင့်ပေး ဖို့လည်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦး ဖမ်းဆီးခံရမှုအတွက် EU ဥရောပနိုင်ငံများအဖွဲ့ နဲ့ နယူးယောက်အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ တို့ကလည်း စိုးရမ်ပူပန်ကြောင်းနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို မြန်မာအစိုးရအနေနဲ့ လေးစားလိုက်နာဖို့ ကြေညာချက်တွေ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက အသက် ၃၁ နှစ်ရှိ ဝလုံး (ခေါ်) ကိုသက်ဦးမောင်မောင်ဟာ ၂ဝ၁၆ ခုနှစ်က စတင်ပြီး သူတို့ဌာနအတွက် တာဝန်ထမ်းဆောင်ခဲ့ကာ စစ်တွေမြို့ဒေသခံဖြစ်တဲ့ အသက် ၂၇ နှစ်ရှိ ကိုကျော်စိုးဦး ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

နယူးယောက်တိုင်းမ်စ် သတင်းစာကလည်း သူတို့နှစ်ဦး ဖမ်းဆီးခံရပုံနဲ့ မြန်မာပြည်မှာ သတင်းထောက်တွေ မကြာခဏ ဖမ်းဆီးခံနေကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဝေဖန်ပုံတွေကို မနေ့က ရေးသားဖေါ်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။