မြန်မာအမျိုးသမီး ၇၀ နီးပါး ထိုင်းရဲက ကယ်တင်

ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ ဖွင့်ထားတဲ့ အနှိပ်ခန်း တစ်ခုက မြန်မာ အမျိုးသမီး ၇၀ နီးပါးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်တင်လိုက်ကြောင်း သိရပါတယ်။

2011.11.14
trafficking-Thai_border_305_z.jpg ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA)
RFA

ကယ်တင်လိုက်တဲ့သူတွေထဲက တစ်ဝက်ခန့်ဟာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေ ဖြစ်ကြောင်းနဲ့ သူတို့အားလုံးကို လူမှုဝန်ထမ်းဌာနက စောင့်ရှောက်ထားကြောင်း အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ DSI လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat က ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအပြီး အားလုံးကို မြန်မာနိုင်ငံဘက် ပြန်ပို့ပေးမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုက နှစ်လ သုံးလလောက် ကြာနိုင်တယ်လို့ သိရပါတယ်။

ဒီအမျိုးသမီးတွေထဲက တချို့ဟာ ပြည့်တန်ဆာအလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာခဲ့ကြတာဖြစ်ပြီး တချို့ကတော့ တရားဝင်အလုပ် လုပ်ရမယ်ဆိုပြီးမှ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရသူတွေလို့ ဆိုပါတယ်။

သူတို့ထဲမှာ ပြည့်တန်ဆာအဖြစ် အတင်းခိုင်းစေခံရတာ ဘယ်နှယောက်ရှိတယ်ဆိုတာ စုံစမ်း စစ်ဆေးနေပြီး ဘယ်သူခိုင်းစေခဲ့တယ်ဆိုတာ ရှာဖွေဖော်ထုတ်သွားမယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့လက Khon ဆိုတဲ့ ၁၆ နှစ်ရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦး လူကုန်ကူးခံရတာကို စုံစမ်းစစ်ဆေးပေးဖို့ အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့က DSI ကို မေတ္တာရပ်ခံခဲ့ရာက ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။

အဲဒီအမျိုးသမီးငယ်က သူ့ကို လူကုန်ကူးဂိုဏ်းတခုက Chanthaburi ခရိုင် အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ဖို့ သိမ်းသွင်းခေါ်ဆောင်သွားကြောင်း၊ အဲဒီအနှိပ်ခန်းမှာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံနေရတာ ၂ လ ရှိပြီဖြစ်ကြောင်း၊ အခကြေးငွေ တစ်ပြားမှ မရတဲ့အကြောင်း အဒေါ်ဖြစ်သူကို ဆက်သွယ်ပြောဆိုခဲ့ရာက အဒေါ်ဖြစ်သူက အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမျိုးသမီးငယ်ကို ရှာဖို့အတွက် DSI အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat ကိုယ်တိုင် အနှိပ်ခန်းကို ဧည့်သည်ဟန်ဆောင် သွားရောက် စုံစမ်းခဲ့ပြီးမှ ခရိုင်တရားရုံးက ရှာဖွေဝရမ်းနဲ့ ဝင်ရောက်စီးနင်းခဲ့ရာက ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတွေကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-20 20:39

Thanks a lot for helping and making action like this.

Anonymous
2011-11-25 11:04

မှတ်ချက်ပေးချင်လို့ပါ