ရိုဟင်ဂျာအရေး မြန်မာနိုင်ငံအပေါ် ICJ ကြားဖြတ်အမိန့်ချမှတ်

ကျော်မင်းထွန်း
2020.01.23

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုကို ဒီနေ့ ICJ တရားရုံးက အမိန့်ချမှတ်ရာမှာ... မြန်မာနိုင်ငံဘက်က တင်ပြထားတဲ့ အချက်တွေကို ပယ်ချလိုက်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပါတယ်။

အဲဒီလေးချက်ကတော့... (၁) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူဆလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊ (၂) စစ်တပ် (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့အတွက် သွေးထိုးလှုံ့ဆော်မှု... စတာတွေ ကျုးလွန်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့၊ (၃) လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့နေရာဒေသတွေက သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးဖျောက်ဖျက်မှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့၊ (၄)ဒီအမိန့်ချမှတ်တဲ့နေ့ကစပြီး လေးလအကြာမှာ မြန်မာဘက်ကဆောင်ရွက်ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့... တို့ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ ကုလသမဂ္ဂ သဘောတူစာချုပ်တွေနဲ့အညီ တရားဥပဒေအရ မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်တယ်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

ရိုဟင်ဂျာမူဆလင်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ကြားဖြတ်အရေးယူမှု အမိန့် ချမှတ်ပေးဖို့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ အမှုကို ဒီနေ့ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICJ တရားရုံးမှာ ဒေသစံတော်ချိန် မနက် ၁ဝ နာရီမှာ တရားရုံးရဲ့ သဘာပတိ တရားသူကြီးဖြစ်တဲ့ အဗ္ဗဒူကာဝီ အာမက်ယူစွတ်က... မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာရှိနေတယ်လို့ တရားရုံးတော်က ယူဆကြောင်း အမိန့်စာ ဖတ်ကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တစ်နာရီကြာတဲ့ ဒီဆုံးဖြတ်ချက် ဖတ်ကြားရာမှာ မြန်မာဘက်က တင်ပြထားတဲ့... အမှုကိုပယ်ချပေးဖို့၊ ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့် မချမှတ်ဖို့... ဆိုတဲ့လျှောက်ထားချက်နှစ်ချက်ကို ပယ်ချရတဲ့အကြောင်းတွေကို ပြောကြားပြီး ဂမ်ဘီယာဘက်က တောင်းဆိုချက် အားလုံးကိုလည်း မချမှတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာဘက်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်တွေကို ဆုံးဖြတ်ရာမှာ ထည့်သွင်းစဉ်းစားခဲ့တယ်လို့လည်း ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့...  ICJ က အခုလိုဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် "အဖိနှိပ်ခံရိုဟင်ဂျာလူမျိးစုတွေအတွက် အောင်ပွဲ" တစ်ခုအဖြစ် ကြိုဆိုလိုက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။