မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ ကုလတိုက်တွန်း


2018.09.19
iiffmm-622.jpg မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်တွေ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးမှာ ၂ဝ၁၈ စက်တင်ဘာလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းစဉ်။
Photo: Reuters

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ ထိတ်လန့်အံသြဖွယ် ရာဖြစ်ကြောင်းနဲ့ တာဝန်ရှိတဲ့ မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကို လူမျိုးတုံးရှင်းလင်းမှု၊ လူသားဖြစ်တည်မှု ဆန့်ကျင်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူစစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။

အရပ်သားတွေရဲ့အသက်ကို လုံးဝထည့်မတွက်တဲ့ မြန်မာ့တပ်မတော်ရဲ့ ကြမ်းတမ်းလှတဲ့ နယ်မြေရှင်းလင်းပုံ အဆင့်ဟာ တိုင်းတာဖို့ ခက်ခဲလှတယ်လို့ အချက်အလက်စုံစမ်းရေးကော်မရှင် ခေါင်းဆောင် မာဇူကီ ဒါရုစ်မင်း က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့ပုံနဲ့ တပ်မတော်ရဲ့ တုံ့ပြန်ပုံဟာ အချိုးအစား မမျှတဲ့အပြင်၊ အကြမ်းဖက်မှုတွေကို အစီအစဉ်ရှိရှိလုပ်ခဲ့တာဖြစ်ပြီး၊ အဓမ္မကျင့်မှုကိုလည်း စစ်ပွဲနည်းပရိယာယ်အဖြစ် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

အချက်အလက်စုံစမ်းရေး အဖွဲ့ဝင်တဦးကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြေခံဥပဒေမှာ ပါဝင်ပတ်သက်နေသမျှ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပေါ်ပေါက်မလာနိုင်ပါဘူး၊ အခုဆို မြန်မာနိုင်ငံမှာ ဒီမို ကရေစီ သားလျှောသွားတာမြင်လိုက်ရပါပြီ၊ သတင်းမီဒီယာ ဖိနှိပ်ခံနေရသလို၊ ကျူးလွန်သူတွေ အပြစ်လွတ်နေ ကြတယ်လို့ ပြောဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတော့ လူ့အခွင့်အရေးကောင်စီ အချက်အလက် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ တဘက်သတ်ကျလွန်းပြီး၊ အမှားအယွင်းတွေ ရှိနေကြောင်း၊ အစီရင်ခံစာရဲ့ ဦးတည်ချက် လွဲချော်နေတာကြောင့် အစိုးရရဲ့ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တနိုင်ငံလုံးဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ချက်တွေ ထိခိုက်ရကြောင်း၊ ဘက်လိုက်မှုတွေ၊ မမျှတတာတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အစိုးရအနေနဲ့ လူ့အခွင့်အရေးအပေါ် ဘယ်တော့မှ ချိုးဖေါက်မှာ မဟုတ်ကြောင်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။