တပ်မတော်က ငြိမ်းချမ်းရေးဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ IKO အဖွဲ့က စွပ်စွဲ

2019.07.21
iko-conference-622.jpg IKO ညီလာခံကို ဆွီဒင်နိုင်ငံ Orebro မြို့မှာ ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပခဲ့စဉ်
ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ

နိုင်ငံတကာမှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဆွီဒင်နိုင်ငံ Orebro မြို့မှာ ပြီးခဲတဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သုံးရက်ကြာ မြန်မာပြည်တွင်ဖြစ်နေတဲ့ လက်ရှိငြိမ်းချမ်းရေး အခြေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ပြုလုပ်ခဲ့ပါတယ်။

ဒီသုံးရက်ကြာ ဆွေးနွေးပြီး နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က အချက်(၈)ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်ဟာ စစ်တိုင်းကြီး ငါးခုမှာ တဖက်သတ်အပစ်ရပ်ထားပေမယ့် ရခိုင်ဒေသမှာ AA ကို အပြင်းအထန် ချေမှုန်းစစ်ဖြစ်လုပ်နေကြောင်း၊ ဒါဟာ တိုင်းရင်းသားတွေအပေါ် ကျင့်သုံးနေကြဖြစ်တဲ့ တဖက်ကို စစ်ရှိန်လျှော့ပြီး တဖက်ကိုစစ်ရှိန်မြှင့်တဲ့ နည်းပညာအတိုင်း ပြုလုပ်တာဖြစ်ကြောင်း၊ ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မတော် မှာ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ထင်ရှားနေပါတယ်လို့ IKO ထုတ်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်မင်းထွန်းကတော့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ငြင်းဆိုလိုက်ပြီး အခုလို ပြောပါတယ်။

“ အနောက်ပိုင်းတိုင်းနယ်မြေမှာ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲတာကတော့ သတင်းစာရှင်းလင်းပွဲမှာရော သတင်း မီဒီယာတွေမှာရော အကြိမ်ကြိမ်ရှင်းပြပြီးဖြစ်ပါတယ်၊ အဲဒီ မရပ်စဲတာတစ်ခုကိုပဲ ဒါကိုတော့ ငြိမ်းချမ်းရေး မလိုလားဘူးဆိုတဲ့ စွပ်စွဲချက်ကတော့ တဖက်သတ်စွပ်စွဲလို့မရပါဘူး၊ ကျနော်တို့ ထုတ်ပြန်ချက်မှာ ထုတ်ပြန် ပြီးဖြစ်တယ်၊ အရင်ကတည်းက ငြိမ်းချမ်းရေးလိုလားလို့မို့လို့ ဆွေးနွေးမှုတွေ လမ်းဖွင့်ပေးပြီးသားဖြစ်ပါတယ်”

မြန်မာ့ တပ်မတော်ဟာ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး သူတို့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ခြောက်ချက်နဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေတို့ကို ကိုင်စွဲထိန်းချုပ်ထားတဲ့အတွက် တိုင်းရင်းသားတွေလိုလားတဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့မဖြစ်နိုင်ဘူးလို့လည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီးလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက NCA ပထမပိုဒ် မှာကတည်းက တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်စနစ်ကို အာမခံထားတယ်လို့ အခုလို ပြောပါတယ်။

“ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီအရေးတို့၊ အမျိုးသားတန်းတူရေးတို့ဆိုတာ ဖက်ဒရယ်နဲ့ဆိုင်ပါလိမ့်မယ်၊ အာမခံတာ သုံးချက်က ဘာတုန်းဆိုတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အခွင့်ရေးများကို အာမခံသော အာမခံချက် အပြည့်အဝရှိသော ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသည် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့ တည်ဆောက်သွားရန်ဆိုတဲ့ ကျနော်တို့ ရှင်းရှင်းလင်းလင်းပြောပြီးဖြစ်တယ်၊ ဒီ NCA မှာ အာမခံတဲ့ပထမပိုဒ်မှာကတည်းက ရှင်းရှင်းလင်းလင်းပြောပြီးသား၊ ဒီ NCA လမ်းကြောင်းကိုတော့ လျှောက်လှမ်းဖို့ ပထမဆုံးပြောလိုပါတယ်”

ဒါ့အပြင် အစိုးရနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ NCA ဆိုင်ရာ အစည်းအဝေးတစ်ခုမှာ တစ်ခုတည်းသော တပ်မတော်ထားရှိရေးကို KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တချို့က အဖွဲ့အတွင်းဆွေးနွေးမှု မရှိဘဲ လက်ခံခဲ့တဲ့အတွက် KNU အတွင်း မပြေမလည်မှုတွေ ပေါ်ပေါက်ခဲ့ပြီးအဲဒီအချိန်က စတင်ကာ KNU ဟာ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတွေကို တရားဝင် တက်ရောက်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့ကြောင်းနဲ့ KNU အဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ထပ်မံဖြစ်ပေါ်နေကြောင်း စသဖြင့်ပါရှိပါတယ်။

KNU အဖွဲ့မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ PPST အဖွဲ့မှာ ပါဝင်ရေး၊ မပါဝင်ရေးနဲ့ ပတ်သက်ပြီး KNU အဖွဲ့အတွင်း သဘောကွဲလွဲတာတွေ ထပ်မံဖြစ်ပေါ်နေတယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

KNU အဖွဲ့အတွင်း ကွဲလွဲမှုတွေရှိနေသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပဒိုစောလှထွန်းကို မေးမြန်းရာမှာတော့ အခုလို ပြောပါတယ်။

“အမြင်တွေကတော့ ခုနက ကျနော်ပြောသလို အမျိုးမျိုးရှိမယ်လေ၊ အဓိကတော့ ခုနက ကျနော်ပြောတဲ့ ဆောင်ရွက်မှုသွားမယ့်ကိစ္စတွေဟာ အတူတူပဲလေ၊ ချည်းကပ်ချင်တဲ့ ပုံစံတွေကတော့ တူချင်မှတူမှာပေါ့နော်၊ နည်းနာအရတော့ ကျနော် ခေါင်းဆောင်တွေထဲမှာ သူတို့ချည်းကပ်ချင်တဲ့ သွားချင်တဲ့ ပုံစံကတော့ ကွဲလွဲမှုတွေ ရှိမှာပေါ့ ဒါပေမဲ့ သွားမယ့်ပလန်နဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကတော့ တစ်ခုတည်းပဲရှိတာပေါ့နော်”

ဒီလို ပြည်ပရောက် ကရင်တိုင်းရင်းသားအဖွဲ့တွေ ထုတ်ပြန်ချက်မှာ သူတို့ရှုမြင်တာတွေ၊ ထင်မြင်ချက်တွေဟာ သူတို့အပြင်ကအမြင်ဖြစ်ပြီး လက်ရှိပကတိအခြေအနေနဲ့ ကွဲပြားတာတွေလည်း ရှိနိုင်တယ်လု့ိ ပြောပါတယ်။

ဒီနိုင်ငံတကာရောက် ကရင်အဖွဲ့အစည်း ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြည်တွင်းနေ ကရင်တိုင်းရင်းသားတစ်ယောက် အနေနဲ့ ထောက်ခံတယ်လို့လည်း ကရင်အရက်ဖက်အဖွဲ့တွေမှာ ပါဝင်တဲ့ စောသာဘိုးက ပြောပါတယ်။

“ကရင်တယောက်အနေနဲ့ ကျနော်အနေနဲ့ကတော့ ထောက်ခံရမှာပဲ၊ အပြုသဘောသွားဖို့လိုနေတယ် နိုင်ငံရေးအခင်းအကျင်း ကရင်အရေးအရာတွေကိစ္စတွေဟာ ကရင်ကံကြမ္မာသွားတဲ့အခါကြလို့ရှိရင် ခေါင်းဆောင်တွေ လွတ်လပ်စွာနဲ့ ဆွေးနွေးဖို့လိုတယ်၊ တိုင်ပင်ပြီးတော့မှ ပြန်လည်သုံးသပ်ပြီးတော့မှ ရှေလုပ်ငန်းတွေ ချမှတ်ဖို့လိုတယ်၊ ဒေသခံလူထုအနေနဲ့ကတော့ တကယ်ခေါင်းဆောင်တွေ သွားတဲ့နောက်ကို လိုက်ရမှာပဲ”

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက် အင်္ဂါနေ့မှာ အမေရိကန် အစိုးရက  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် ခေါင်းဆောင် လေးဦးအပေါ် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာကို IKO က ကြိုဆိုကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီသုံးကြိမ်မြောက် နိုင်ငံတကာ ကရင်အဖွဲ့အစည်း အစည်းအဝေးကို အာရှပစိဖိတ်ဒေသရှိ ကရင်တွေ၊ ဥရောပမှာရှိတဲ့ ကရင်တွေ၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ ကရင်အဖွဲ့အစည်းက တာဝန်ရှိသူတွေကိုတော့RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

( RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။