ကရင်အာဇာနည်နေ့ကျင်းပသူတွေကို အရေးယူတာ IKO ကန့်ကွက်

အာဇာနည်နေ့ဆိုတဲ့ စကားလုံးကို အသုံးမပြုဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကတားမြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမရှေ့ မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့ ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ နော်အုန်းလှနဲ့ ကရင်လူငယ် နှစ်ယောက်ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ အမှုဖွင့် ထားတာပါ။
ကရင်အမျိုးသားအာဇာနည်နေ့ ကျင်းပသူတွေကို အရေးယူတာဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်ကို ထိခိုင်နိုင်တဲ့အပြင် ကရင်လူမျိုးတို့အပေါ် သွေးတိုးစမ်းခြင်းတစ်ရပ် ဖြစ်တယ်လို့ နိုင်ငံတကာ ကရင်အဖွဲ့အစည်း (International Karen Organization-IKO) က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အခုလို အရေးယူတာဟာ လူမျိုးရေးဖိနှိပ်မှုဖြစ်ပြီး မဟာဗမာလူမျိုးကြီးပုံစံလုပ်နေတာလို့ မြင်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ နော်အုန်းလှက ပြောပါတယ်။
"လူမျိုးရေးဖိနှိပ်တယ်လို့ အန်တီ ခံစားရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကရင်အာဇာနည်နေ့လုပ်လို့မရဘူး၊ အန်တီတို့နိုင်ငံမှာ အခုဆိုရင် တိုင်းရင်းသားတွေ ဘယ်လိုခံစားရမလဲ အန်တီကိုယ်တိုင်လည်း ခံစားရပါတယ်၊ မနှစ်ကဆိုရင် ဗိုလ်ချုပ် အောင်ဆန်းရုပ်တုဖြစ်တဲ့ပြဿနာ ရှိခဲ့တယ်။ ကယားမှာ၊ မွန်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတား သွားလုပ်တဲ့ပြဿနာရှိတယ်၊ ဒါက မဟာဗမာလူမျိုးကြီးဝါဒကို လုပ်တဲ့ပုံစံလို့ အန်တီတို့မြင်တယ်၊ ဒါမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်ပေါ့နော်၊ ပြည်ထောင်စုတပ်ပြီးရင်တော့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေ ဥပဒေအတိုင်း ပါပါလျက်နဲ့ မလုပ်ပေးတဲ့အပြင် ဖိနှိပ်တဲ့ကိစ္စလို့ပဲ မြင်ပါတယ်၊ လက်ရှိကတော့ ဒီဟာကိုဆောင်ရွက်တာကတော့ အန်တီ နားလည်သလောက်ကတော့ အာဏာပိုင်လုပ်တဲ့လုပ်ရပ် ဖြစ်တယ်ပေါ့နော်၊ အာဏာပိုင်ဆိုတော့ အစိုးရလည်းပါတာပေါ့နော်၊ အဲ့ဒီအတွက် အစိုးရလုပ်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ ပြောတယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်နေတယ် နောက်ပြီးတော့ ဥပဒေအရပေးထားတဲ့ အခွင့်အရေးတွေကိုလည်း သူတို့ကိုယ်တိုင်ပဲ ချိုးဖောက်တယ်လို့ အန်တီတို့ ဒီလိုပဲနားလည်ပါတယ်"
မြန်မာနိုင်ငံဟာ ဗမာလူမျိုးတစ်မျိုးတည်း နေထိုင်တဲ့တိုင်းပြည်မဟုတ်ဘဲ ဗမာလူမျိုးမှာ အာဇာနည် ခေါင်းဆောင်တွေရှိသလို တိုင်းရင်းသားလူမျိုးအသီးအသီးမှာလည်း စံပြုထိုက်တဲ့ အာဇာနည် ခေါင်းဆောင်တွေရှိလို့ အခုလို ဂုဏ်ပြုပွဲလုပ်တာဟာ လူမျိုးတိုင်းရဲ့မွေးရာပါ အခွင့်အရေးဖြစ်တယ်လို့ IKO ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုင်းရင်းသားတိုင်းမှာ အမျိုးသားလက္ခဏာတွေ ယုံကြည်ချက်တွေ အခွင့်အရေးတွေရှိလို့ ဒီလို တားဆီးတာဟာ မဖြစ်သင့်တဲ့အပြင် အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်မိတယ်လို့ ယခင် KNU ဥက္ကဋ္ဌဟောင်းလည်းဖြစ် လက်ရှိ KNU Concerned Group ဦးဆောင်သူ နော်စီဖိုးရာစိန်က RFA ကိုပြောပါတယ်။
"တစ်ဖွဲ့ချင်းစီမှာ ကိုယ့်ရဲ့အမျိုးသားလက္ခဏာရယ် ကိုယ့်ရဲ့အမျိုးသားယုံကြည်ချက်ရယ် အမျိုးသားအခွင့်အရေးတွေရှိတယ်၊ နော်အုန်းလှရဲ့ သူတို့လုပ်ဆောင်တဲ့ ဒီအာဇာနည်အခမ်းအနားကိုပဲ ဒါကတော့ အမျိုးသားရေးကိစ္စလည်းဖြစ်တယ်၊ အဲဒါ ကရင်တစ်မျိုးသားလုံးရဲ့ယုံကြည်ချက်နဲ့ ကရင်တစ်မျိုးသားလုံးရဲ့ခေါင်းဆောင်တစ်ယောက်လို့ အသိအမှတ်ပြုတာလည်းဖြစ်တယ်ပေါ့လေ၊ အဲဒါ ဒီအခမ်းအနားလုပ်တဲ့အပေါ်မှာ တရားစွဲဖို့လုပ်မယ်ဆိုရင် ဒါဟာ ကျွန်မတို့အတွက်တော့ ဒါဟာမဖြစ်သင့်ဘူး၊ အထူးသဖြင့်ပေါ့ အခုသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စိုးရိမ်တယ်"
ဒါ့အပြင် ဒီလိုအမှုဖွင့်တာဟာ ကရင်တစ်မျိုးသားလုံးကို ထိပါးခြင်းဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေကြောင်းနဲ့ ဒီအပေါ် ကန့်ကွက်ရှုတ်ချကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ KNU Concerned Group ကြေညာချက်မှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။
တိုင်းရင်းသားတွေအတွက် နိုင်ငံရေးအရ အရမ်းအရေးကြီးတဲ့ အာဇာနည်ဆိုတဲ့စကားလုံးကို အဓိပ္ပာယ် ပျက်အောင် လုပ်ဆောင်တာဟာ နိုင်ငံရေးအရ သတ်တဲ့ပုံစံဖြစ်နေပြီး နောက်ကြောင်းပြန်သွားတဲ့ အာဏာရှင်စနစ်လို ဖြစ်နေတယ်လို့ ကယားပြည်နယ် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် အခွင့်အရေး လှုပ်ရှားဆောက်ရွက်မှုကွန်ရက် အဖွဲ့ဝင် စောအယ်စေးက အခုလိုပြောပါတယ်။
"ဒါကတော့ မဖြစ်သင့်တဲ့အရာတစ်ခုလို့ မြင်တယ်။ ပထမတစ်ချက်အနေနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ လူမျိုးတိုင်းမှာ ကိုယ့်အာဇာနည်ရှိတယ်၊ ပြီးတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရမှာ လွတ်လပ်စွာ လုပ်ခွင့်မရှိဘူးဆိုတော့ တကယ်တော့ ဒါနောက်ကြောင်းပြန်ဆွဲတဲ့ အဓိပ္ပာယ်ပါပဲ၊ တကယ့်အာဏာရှင်ရဲ့ လုပ်ထုံးလုပ်နည်းတစ်ရပ်လို့ တိုင်းရင်းသားတစ်ယောက်အနေနဲ့ မြင်ပါတယ်၊ ကျွန်တော်တို့ အခုပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့ တိုင်းရင်းသားတွေရဲ့ရိုးရာဓလေ့တွေ ယဉ်ကျေးမှုတွေ အသိအမှတ်ပြုမယ်ဆိုတဲ့ဟာတွေက ဒါတွေက လုံးဝဆန့်ကျင်နေတဲ့အရာတွေလို့ပဲ မြင်ပါတယ်၊ အမှန်တကယ် ဒါက အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို အဓိပ္ပာယ်ပျက်အောင် လုပ်ချင်တဲ့သဘောပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အရမ်းအရေးကြီးတဲ့ စကားလုံးဖြစ်တယ်၊ နိုင်ငံရေးအရ အရမ်းအရေးကြီးတယ်။ လူမျိုးတစ်မျိုးအတွက် သူတို့အသိအမှတ်ပြုတဲ့ အာဇာနည်၊ ဒါကိုပဲသူတို့ နိုင်ငံရေးအရ သတ်တဲ့သဘောပဲလို့ ကျွန်တော်မြင်ပါတယ်"
ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားမှာ အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်း အသုံးမပြုဖို့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ပိတ်ပင်တားမြစ်မှုတွေရှိခဲ့ပေမယ့် ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အပါအဝင် ကရင်အာဇာနည်နေ့ အခမ်းအနားပြုလုပ်တဲ့ အခြားနေရာတွေမှာတော့ ပိတ်ပင်တားမြစ်မှုတွေ မရှိခဲ့ပါဘူး။
ကရင်အာဇာနည်နေ့ ခေါင်းစဉ်နဲ့ အခမ်းအနား မကျင်းပဖို့ ညွှန်ကြားချက်ဟာ ပြည်ထောင်စုအဆင့်က ညွှန်ကြားချက်မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်တာသာဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က RFA ကို သြဂုတ်လ ၁၂ ရက်နေ့က ပြောထားပါတယ်။
အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန်ကတော့ ဒါဟာ စကားအသုံးအနှုန်းနဲ့ပတ်သက်လို့ အငြင်းပွားကြတာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
"ဒါကတော့ ကျွန်တော်တို့ စကားအသုံးအနှုန်းနဲ့ပတ်သက်ပြီးတော့ အငြင်းပွားကြတာပါခင်ဗျ၊ ဒါအုပ်ချုပ်ရေးပိုင်းနဲ့ အဓိကသက်ဆိုင်တော့ အုပ်ချုပ်ရေးပိုင်းက ဘယ်လိုသုံးသပ်တယ် ဘာတွေ တွေ့ရှိတယ်ဆိုတာကို ကျွန်တော်တို့ မသိပါဘူး၊ မသိတဲ့အတွက် ဒီပေါ်မှာ မှတ်ချက်မပေးလိုပါဘူး"
နော်အုန်းလှတို့ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ အမှုဖွင့်ထားတာ မှန်ကန်ကြောင်း ရဲစခန်းက RFA ကို သြဂုတ်လ ၁၅ ရက်နေ့မှာ အတည်ပြုပြောဆိုထားပါတယ်။
ဒါကြောင့် မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို ထိခိုက်ဆုံးရှုံးမှု မရှိစေဖို့ တိုင်းရင်းသားအားလုံးအနေနဲ့ အမှုဖွင့်ခံထားရတဲ့ နော်အုန်းလှနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဝန်းရံကြဖို့ ကရင်အဖွဲ့အစည်းတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)