တရားမဝင် ရွှေလုပ်ကွက်ကို ဝန်ကြီး ၅ ဦး အဖွဲ့က စိစစ်မည်
2018.06.17
စစ်ကိုင်းတိုင်းအတွင်းက တရားမဝင် ရွှေတူးဖော်ရေးလုပ်ကွက်တွေကို အရေးယူနိုင်ရေးအတွက် တိုင်းဝန်ကြီး ၅ ဦး ကို ဝန်ကြီးချုပ်က တာဝန်ပေးလိုက်တယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး က ဒီနေ့ ပြောပါတယ်။
တရားမဝင် ရွှေလုပ်ကွက်တွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်လာတဲ့ အတွက် စိစစ်သင့်တာ၊ အရေးယူသင့်တာတွေ အရေးယူဖို့ အခုလို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
"တရားမဝင် ရွှေလုပ်ကွက်တွေလုပ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတယ်၊ ချောင်းမြောင်းတွေ တိမ်ကောတာ၊ အဓိက ရေကြီးရေလျှံဖြစ်တာ၊ ဒါတွေကို ကျနော်တို့က အတတ်နိုင်ဆုံးလုပ်ဖို့ ဆိုပြီးတော့ နယ်မြေတွေ ခွဲလိုက်ပါတယ်၊ ဝန်ကြီး ၅ ယောက် တစ်ယောက်တစ်နယ်စီကို တာဝန်ပေးတယ်ပေါ့၊ ဒါတွေကို စိစစ်ဖို့ အရေးယူသင့်တာ အရေးယူဖို့ အဲလို တာဝန်ပေးတာပါ၊ ကျနော်တို့က စီမံချက်သဘောမျိုးနဲ့ ဌာနဆိုင်ရာအားလုံး ခေါ်ပြီးတော့ ခရီးစဉ်ရှိလို့ရှိရင်၊ သတင်းပေးလို့ရှိရင်၊ သတင်းပေးတဲ့အပေါ်မှာ မူတည်ပြီး တော့ ကျနော်တို့က သွားကြမှာ၊ အမြဲတမ်းလည်း ကျနော်တို့က ဒီအလုပ်တစ်ခုတည်း မဟုတ်တဲ့အခါကျတော့ စီမံချက်လေးတွေနဲ့ နယ်တွေရဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ လုပ်ကြမှာ"
အဲဒီအဖွဲ့မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး၊ လျှပ်စစ် စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ စည်ပင်ဝန်ကြီးတို့ ပါဝင် ပါတယ်။
အဲဒီအဖွဲ့ဟာ ဟုမ္မလင်း၊ ခန္တီး၊ ကသာ၊ မော်လိုက်၊ ကန့်ဘလူ နဲ့ ကျွန်းလှ စတဲ့မြို့နယ်တွေက ရွှေတူးဖော်ရေး လုပ်ကွက်တွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး ဝန်ကြီး ဦးမြင့်ကြည် ကတော့ ကန့်ဘလူဘက်ကို တာဝန်ယူထားတယ် လို့လည်း ပြောပါတယ်။
တိုင်းအတွင်း ခရီးစဉ်တွေ သွားရတဲ့အခါမှာ ကိုယ်တာဝန်ယူထားတဲ့နယ် မဟုတ်လည်း စုံစမ်းဖော်ထုတ်မှုတွေ လုပ်သွားမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာဆိုရင် ဟုမ္မလင်းနဲ့ ခန္တီးနယ်ဘက်မှာ တရားမဝင် ရွှေလုပ်ကွက်တွေ အများဆုံးရှိနေပြီး ကောလင်း၊ ဝန်းသိုနယ်ဘက်တွေမှာလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ တရားမဝင် ရွှေလုပ်ကွက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေသလို တရားမဝင်လုပ်ကွက်တွေမှာ မြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။