တရားမဝင် ရွှေလုပ်သား ၆၀ ကျော်ကို ဖမ်းဆီး


2017.08.06
kachin-gold-mine-622.jpg ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်က ဧရာဝတီမြစ်ဆုံအနီးမှာ ရွှေတူးဖော်နေစဉ်
Photo: RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ ဧရာဝတီမြစ်ဆုံအနီးက တန်ဖရဲရွာဟောင်းတဝိုက်မှာ တရား မဝင် ရွှေတူးနေကြတဲ့ ရွှေလုပ်သား ၆၈ ယောက်ကို တပ်မတော်စစ်ကြောင်းက သြဂုတ်လ ၄ ရက်နေ့က ဖမ်းဆီး ရမိခဲ့ပြီး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ မြန်မာနိုင်ငံအရပ်ရပ်က လာရောက်လုပ်ကိုင်သူတွေပါဝင်ပြီး ၁၈ နှစ် အောက် အလုပ်သမား ၂ ယောက်လည်း ပါဝင်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက RFA ကို ဒီကနေ့ပြောပါတယ်။

အဲဒီရွှေတူးတဲ့အဖွဲ့ ၁၂ ဖွဲ့ အခုလောလောဆယ် ၆၈ ယောက် ဗမာပြည်အရပ်ရပ်ကပေါ့၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ၁၈ နှစ်အောက် နှစ်ယောက်ပါတယ်၊ ဖမ်းတာက တပ်မတော်စစ်ကြောင်းကဖမ်းတယ်"

အဲဒီတရားမဝင် ရွှေလုပ်သားတွေကို သတ္တုတွင်း ဥပဒေပုဒ်မ ၃၀/ခ နဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူရွှေလုပ်သားတွေဟာ ဒေသအနှံ့က ရခိုင်၊ ကချင်၊ ဗမာ၊ ချင်း စတဲ့ တိုင်းရင်းသားပေါင်းစုံဖြစ်ပြီး အများစုဟာ ရခိုင်လူမျိုးတွေဖြစ်ပါတယ်။

အခု ဖမ်းမိတဲ့ ၆၈ ယောက်လုံးဟာ ရွှေလုပ်သား(ကျေင်းသား)တွေဖြစ်ပြီး ရွှေလုပ်ငန်းရှင် လောပန်းတွေကိုတော့ မဖမ်းမိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ ရွှေတူးဖော်လို့ကျန်ခဲ့တဲ့ ကွင်းပြင် ချိုင့်ဝှမ်းတွေကို ပြုပြင်ပြီး လူလုပ်သစ်တောတွေ ပြန်လည်ဖန်တီးဖို့အဆိုကို ဆွေးနွေးရာမှာလည်း ရွှေတွင်းတွေနဲ့ ပတ်သက်ပြီး တိုင်ကြားရင် လက်လုပ်လက်စားတွေကိုသာ ဖမ်းဆီးလေ့ရှိပြီး လုပ်ငန်းရှင်တွေကိုအရေးယူတာ မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။