တရားမဝင်သစ်ခုတ်နေတာ တားမြစ်ပေးဖို့ ဒေသခံတွေ လက်မှတ်ထိုး တောင်းဆို
2014.12.24

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာ ရဲ့အရှေ့ဘက်က အင်ကြင်း တောင်ကြော တစ်လျှောက် မှာ တရုတ်နိုင်ငံသားတွေက စက်ယန္တရားတွေနဲ့ တရားမ ဝင် သစ်ခုတ်နေတာကို အမြန်ဆုံးတားမြစ်ပေးဖို့ ဒေသ ခံတောင်သူ ၅၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ ဒီနေ့ စာပေးပို့လိုက် ပါတယ်။
အဲ့ဒီလိုသစ်ခုတ်ယူနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှာနဲ့ ဒေသခံတွေရဲ့ လယ်ယာမြေတွေ ဆုံး ရံှုးမှာစိုးရိမ်တာကြောင့် အခုလိုစာပေးပို့ တာဖြစ်တယ်လို့ လယ်သမားတွေတွေကို ကူညီပေးနေတဲ့ ဝိုင်းမော်မြို့ခံ ဦးစိုင်းမောင်အေးက ပြောပါတယ်။
"တောတောင်တွေခုတ်ပြီးတော့ သယ်ထုတ်သွားမယ် ဆိုရင် ဒေသခံတွေအားလုံး လယ်မြေ ဧကတွေ၊ နောက်မြေဆီလွှာတွေ အများကြီးပျက်ဆီး သွားမယ်လို့ ကျနော်တို့ကမြင်လဲမြင်တယ်၊ အဲ့ဒါကြောင့်မို့လို့ ဒီလိုမဖြစ်စေချင်လို့ ကျနော်တို့ဝိုင်းပြီးတော့ ကန့်ကွက်တဲ့အနေနဲ့ စာတင်တာပါ"
ဝိုင်းမော်မြို့နယ် နောင်စီပေါ၊ ခတ်ချို၊ သာဂရ၊ သာယာအေး၊ ဟိုးတုံစတဲ့ ရွာတွေက ဒေသခံ တောင်သူတွေ လက်မှတ်ရေးထိုးပြီးပေးပို့တာဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးဖို့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို ညွှန်ကြားထားတယ်လို့ မြို့နယ် သစ်တောဦးစီးဋ္ဌာနမှူး ဦးနော်ဂျာက ပြောပါတယ်။
" အဲ့ဒါနဲ့ ပတ်သက်လို့ ကျနော့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးလဲ ခေါ်ပြောပါတယ်၊ ကျနော်တို့ကို သတင်းစုံစမ်း ဖို့ပေါ့နော်၊ သူလဲအပေါ်ကို စာတင်ပါတယ်၊ အစိုးရအဖွဲ့ကနေပြီးတော့ လောလောဆယ်လတ်တလော ဒီတစ်ရက်နှစ်ရက်အတွင်းမှာ လဝကနဲ့ ပြည့်သူ့ရဲကို ကွင်းဆင်းစစ်ဆေးဖို့ စာထုတ်ထားပါတယ်၊ ကျနော်တို့ သစ်တောဖက်ကလဲ မတည်ငြိမ်တော့ ကျနော်တို့တွေဘက်ပေါင်းစုံ၊ ဌာနပေါင်းစုံကနေ တားမြစ်ဖို့က အခက် အခဲရှိနေပါတယ်"
အင်ကြင်းတောင်ဟာ ဧကငါးသောင်းကျော်ရှိပြီး အဲ့ဒီတောင်ကြောတစ်လျှောက်ဟာ နောင်စီပေါ ရွာသားတွေ ရဲ့လယ်မြေတွေနဲ့ ထိစပ်နေ တဲ့တောင်ကြောတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် မိုးမောက်၊ မန်စီစတဲ့ မြို့နယ်တွေမှာလည်း တရားမဝင် သစ်ခုတ်နေတဲ့ တရုတ်နိုင်ငံသားတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။