တရားမဝင် ပြည်ပရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်


2017.06.24
myanmar-worker-620.jpg ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ကို နေရပ်ပြန်ပို့ဖို့အတွက် ဖမ်းဆီးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်အရ ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် MOU စနစ်နဲ့သာ လက်ခံတော့မှာဖြစ်ပြီး တရားမဝင်သူတွေကို ဥပဒေထုတ်ပြန်ချိန်ကစလို့ ဖမ်းဆီးအရေးယူမှုတွေ စတင်နေပြီဖြစ် တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြော ပါတယ်။

"သူက တရားမဝင်ဘူးဆိုရင်တော့ သူက လုပ်ငန်းရှင်လည်း အရေးယူမှာပဲ၊ အလုပ်သမားလည်း သူ သက်ဆိုင်ရာ နိုင်ငံကို ပြန်ပို့မှာ။ သူတို့ ဥပဒေ ထွက်မယ့်နေ့ အသက်ဝင်တယ်၊ နောက်တစ်ခုက နည်းဥပဒေ ဆက်လိုက်မယ်ဆို အကြမ်းဖျဉ်းလေး ကျနော်တို့ သိထားတယ်၊ အဲလောက်ပဲ အခု မနေ့ကမှ ကျနော်တို့ ဆီ ပေးတာလေ စာက။ ထိုင်းလို ပေးထားတော့ ဒီနေ့မှ ဘာသာပြန်ခိုင်းနေတယ်။ ဟိုတုန်းထဲက သူတို့ ပြောပါတယ် MOU ပဲ သူတို့ လက်ခံပါ့မယ်ဆိုပြီးတော့၊ MOU ကလွဲရင် ကျန်တဲ့ဟာ သူတို့ လက်မခံတော့ဘူး၊ တရားမဝင် ဝင်တာတွေ သူတို့ ဘယ်လက်ခံမလဲ များတာကိုး၊ တရားမဝင် ဝင်တော့ သူတို့ ဥပဒေမှာလည်း ကိုင်တွယ်ရတာ နည်းနည်းခက်တယ်ဆိုတာလည်း သူတို့ ပြောပြပါတယ်"

ထိုင်းအစိုးရက ဇွန်လ ၂ဝ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ဟာ ထိုင်းခုနှစ်သက္ကရာဇ် ၂၅၅၁ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်တာဝန်စီမံခန့်ခွဲရေးစနစ် တစ်ခုလုံးကို လုံခြုံဘေးကင်းစွာ ရှိစေဖို့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေနဲ့ ၂၅၅၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတွင်း အလုပ်ရှင်နှင့် အလုပ်လုပ်ရန် နိုင်ငံခြား သားကို အလုပ်ခန့်အပ်ရေး အက်ဥပဒေတွေကို အဆင်ပြေစေဖို့ ကာကွယ်စောင့်ရှောက်ခြင်း၊ ဥပဒေ ချိုးဖောက်သော အလုပ်ရှင်များကို ပြစ်ဒဏ်တိုးမြှင့်ခြင်းနှင့် အလုပ်သမားဆိုင်ရာ လူကုန်ကူးမှုတွေကို ကာကွယ်ဖို့တွေကို ဦးစားပေးပြီး ဥပဒေ နှစ်ရပ်ကို တစ်ရပ်တည်းဖြစ်အောင် ပေါင်းစပ်ထားတာလို့လည်း သိရပါတယ်။

ထိုင်းအစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ဒီဥပဒေသစ်ဟာ အမှန်တကယ်မှာတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကျိုးသက်ရောက်မှု မရှိဘူးလို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း FED အဖွဲ့မှ ဦးမင်းဦးက အခုလို ပြောပါတယ်။

"တကယ့်တကယ်ကကျတော့ ဒီဟာရဲ့ အကျိုးသက်ရောက်မှုက အများဆုံးခံရမှာက ကျနော်တို့ အလုပ်သမားတွေက ခံရမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ များသောအားဖြင့်က အလုပ်သမားတွေက Work Permit တို့ ဘာတို့ လုပ်တဲ့အချိန်မှာ ပွဲစားတွေနဲ့ အကူအညီနဲ့ လုပ်ရတယ်ဗျာ၊ တချို့လူတွေဆိုလို့ရှိရင် ကိုယ်ကိုင်ထားတဲ့ပါမစ်က ဆောက်လုပ်ရေးလား ရေလုပ်ငန်းလား ဒါမျိုးတောင် မသိတဲ့လူတွေရှိတယ်။ သူတို့က ပြောရရင်တော့ အရင်က ၅၉ တုန်းက ဥပဒေရှိတယ်လေ၊ အဲဒါကို ထပ်ပြီးတော့ နောက်တဆင့် ထပ်တိုးတယ်ဗျာ၊ နောက်တဆင့် တိုးတယ်ဆိုတော့ ဒဏ်ကြေးတွေက အကုန်လုံး နှစ်ဆ ပြစ်ဒဏ်တွေ အကုန်လုံး ကြီးကုန်တာဗျာ။ အခု တောက်လျှောက်လည်း အခု လိုက်ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီးတော့ ဖမ်းနေကြတယ်လေ။ အလုပ်သမားတွေ ဖမ်းဆီးခံရမှုကတော့ ဒီရက်ပိုင်းမှာက တော်တော်လေးကို စိတ်လာတယ်။ မနေ့ကဆိုလို့ရှိရင်လည်း ချင်းမိုင်တို့ ချင်းရိုင်တို့ဘက်မှာဖမ်းတယ်။ သူတို့ အဖွဲ့စုံ စစ်တပ်နဲ့ မဲဆောက်မှာလည်း အကုန်လုံးဖမ်းသလို မဟာချိုင်တို့ဘက်မှာလည်း ဖမ်းတယ်၊ မနေ့ကဆို ဒီ ဖူးကပ်မှာ ဝင်ပြီးတော့ ဖမ်းတယ်"

ဒီဥပဒေသစ်မှာ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်နေရာတွေမှာ နိုင်ငံခြားသား အလုပ်သမားကို တရားမဝင် ခန့်အပ်ထားပြီး လုပ်ကိုင်နေကြောင်း ဖမ်းဆီးရမိရင် ဒဏ်ကြေးငွေအဖြစ် ထိုင်းဘတ်ငွေ ၄ သိန်းကနေ ၈ သိန်းအထိ ပြစ်ဒဏ်သတ်မှတ်ထားပါတယ်။ ရရှိထားတဲ့ အလုပ်လက်မှတ်နဲ့ အလုပ်နေရာ ကွဲလွဲနေရင် ထိုင်းဘတ်ငွေ လေးသိန်ထက်မပိုတဲ့ ဒဏ်ကြေးငွေနဲ့ညီတဲ့ ပြစ်ဒဏ်လည်း သတ်မှတ်ထားပြီး ပြစ်ဒဏ်တွေထဲမှာ အနည်းဆုံး ထောင်ဒဏ် ၆ လနဲ့ အများဆုံး ဒဏ်ကြေးငွေ ဘတ် ၈ သိန်း သတ်မှတ်ထားတာ တွေ့ရပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ကို ထိုင်းအစိုးရက အတည်မပြုမီ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ထိုင်းနိုင်ငံမှာ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားကွန်ရက် MWG အဖွဲ့က ဦးဆောင်ပြီး အခုပြင်ဆင်ပြောင်းလဲမယ့် ဥပဒေသစ်ဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပါအဝင် နိုင်ငံခြား သား ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုမိုထိခိုက်နစ်နာစေမှာ ဖြစ်တဲ့အတွက် မပြင်ဆင်ဘဲ တခြားနည်းလမ်းရှာဖို့ ထိုင်းအစိုးရကို တိုက်တွန်းခဲ့ပေမယ့် ထိုင်းအစိုးရက ဇွန်လ ၂ဝ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းခန့် အလုပ်လုပ်ကိုင်နေတယ်လို့ ခန့်မှန်းထားပြီး အဲဒီထဲက တစ်သန်းခန့်ဟာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။