တနင်္သာရီမှာ တရားမဝင် သတ္ထုတူးဖော်တာတွေ ရပ်ဆိုင်းဖို့ တိုင်းအစိုးရ ညွှန်ကြား
2016.08.30

တနသာၤရီမြို့နယ် ကြိမ်ချောင်းတလျှောက်မှာ တရားမဝင် သတ္တုတူးဖော်နေတဲ့လုပ်ငန်း ၁၀၀ နီးပါးကို ရပ်ဆိုင်းဖို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။
တရားမဝင် တူးဖော်နေတဲ့ သတ္တုလုပ်ငန်းတွေက စွန့်ပစ်တဲ့ရေတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေတဲ့ အတွက် ရပ်ဆိုင်းပေးဖို့ သတိပေးခဲ့တာလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။
"တရားမဝင်တူးရင် ဘယ်လိုမျိုး ဥပဒေတွေနဲ့ ငြိစွန်းနိုင်ပါတယ်။ ဘယ်လိုပြစ်ဒဏ်တွေ ချခံနိုင်ပါတယ် ဆိုတာကို သူတို့ကို တစ်လ တစ်လကို ၂ ကြိမ်လောက် Awareness လုပ်ထားပေးပြီးပါပြီ။ ဒါပေမဲ့ သူတို့ထပ်ထပ်ပြီးတော့ဘဲ ဦးရေတွေက တိုးလာတယ်။ ထပ်ပြီးတိုးပွားလာတဲ့အပေါ် မူတည်ပြီးတော့ ဒီချောင်းကြီးကလည်း တော်တော်လေးပျက်စီးသွားပြီးတော့ ချောင်းကို မှီခိုနေရတဲ့ ရွာသူရွာသားတွေရဲ့ ဘဝရပ်တည်ရေးကို ထိခိုက်လာနိုင်တဲ့အတွက် နောက်ဆုံးအသိပေးခြင်းဖြစ်ပါတယ်" လို့ ဝန်ကြီး ဦးမြင့်မောင် က ပြောတာဖြစ်ပါတယ်။
ချောင်းရေထဲကနေ သတ္ထုတူးတာဖြစ်တဲ့အတွက် စွန့်ပစ်လိုက်တဲ့ရေတွေဟာ ချောင်းတလျှောက်ကို စီးဝင်သွား တာကြောင့် ချောင်းဘေးမှာရှိနေတဲ့ ကျေးရွာတွေမှာ စိုက်ပျိုးရေးလုပ်မရတော့တာ၊ ငါးတွေဖမ်းမရတော့ တာတွေ ဖြစ်လာတဲ့အတွက် ဒေသခံတွေက တိုင်ကြားတာဖြစ်ပါတယ်။
ဒ့ါအပြင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ တရားဝင်သတ္ထုတူးဖော်တဲ့ လုပ်ငန်း ၈ ခုကိုလည်း စစ်ဆေးခဲ့ပါတယ်။
အဲ့ဒီလုပ်ငန်း ၈ ခုမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စည်းကမ်းမဲ့ ရေဆိုးစွန့်ပစ် တာ၊ မြေစာပုံစွန့်ပစ်တာတွေ တွေ့ရတဲ့အတွက် ဟိန္ဒြားသတ္တုတွင်း၊ အရှေ့တိုင်း သတ္တုတွင်း၊ ဝေ သတ္တုတွင်းတို့ကို ယာယီရပ်ဆိုင်းခိုင်းထားပါတယ်။